News

POST TYPE

LOCAL

ပဋိပက္ခ ဖြစ်ပွားမည်စိုး၍ ကွင်းဆင်းမည့်လူငယ်များ ရခိုင်မြေပုံပါတီရှပ် ဝတ်ဆင်မည်မဟုတ်
14-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ဖွံ့ ဖြိုးရေးစီမံကိန်းအရ UEHRD စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်မည့်လူငယ်များ ဝတ်ဆင်ရန် ထုတ်ပေးထားသည့် ရခိုင်မြေပုံပါတီရှပ်များကို ကွင်းဆင်းရာ ဝတ်ဆင်မည် မဟုတ်ကြောင်း လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး လူငယ်အဖွဲ့ (HCYT) မှ လူငယ်တာဝန်ခံ ကိုထက်ပိုင်စိုးက ပြောကြားသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုရှိနေသည့် အဆိုပါတီရှပ်ကို မသမာသူများ အသုံးချ၍ ပဋိပက္ခ ဖန်တီးမည်ကို စိုးရိမ်သောကြောင့် မဝတ်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ လူငယ်အဖွဲ့များ ဝတ်ဆင်ရန် ထုတ်ပေးထားသော ယင်းတီရှပ်ကျောဘက်တွင် ရခိုင်ပြည်နယ် မြေပုံတွင် ဘူးသီးတောင်၊ မောင်တောဒေသကို အနီရောင်ဖြင့် ဖော်ပြထားသည့် ဒီဇိုင်းကြောင့် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

“အင်္ကျီလိုဂိုအရောင်က ဘူးသီးတောင်၊ မောင်တော အနီရောင် ပြတာ။ အဲဒါက အကြမ်းဖက် တိုက်ခိုက်ခံရတဲ့နေရာ အဲဒီနေရာမှာ စီမံကိန်းအတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အကောင်အထည်ဖော်မယ့် ရည်ရွယ်ချက်နဲ့ ဒီဇိုင်နာက ထွင်ပြီးလုပ်ပေးလိုက်တာပါ။ အဲဒီအပေါ်မှာ ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာစေတယ်။ အဲဒါကို မသုံးဖို့ တားမြစ်လိုက်ပါပြီ။ မသမာသူတွေက ဒါကိုကိုင်စွဲပြီး အသုံးချသွားနိုင်တယ်။ တကယ်ကို အနူးအညွှတ် တောင်းပန်တယ်”ဟု ကိုထက်ပိုင်းစိုးက ဆိုသည်။

ဝေဖန်မှုများ ဖြစ်ပေါ်ပြီးနောက် တီရှပ်ပါမြေပုံသည် စီမံကိန်း နယ်မြေကို ညွှန်ဆိုခြင်းသာဖြစ်ပြီး အခြားမည်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုမျှ ကိုယ်စားမပြုကြောင်း လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး လူငယ်အဖွဲ့ (HCYT)က နိုဝင်ဘာလ ၁၃ ရက်က ထုတ်ပြန်သည်။

HCYT အဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက်မှစတင်ကာ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ကွင်းဆင်း ဆောင်ရွက်နေပြီဖြစ်ရာ လက်ရှိတွင် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ငါးရွာနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာသို့  ကယ်ဆယ်ရေးဆင်းပြီးဖြစ်သည်။

လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးလူငယ်အဖွဲ့ (HCYT) သည် ဘူးသီးတောင်၊ မောင်တောဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ရခိုင်ဖွံ့ဖြိုးရေးစီမံကိန်း UEHRD အရ ပြည်သူ့အတွက် ရက် ၂၀ စီမံကိန်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

J-18


  • VIA