News

POST TYPE

LOCAL

တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့်ရသူများစာရင်း ယနေ့ ထုတ်ပြန်မည်
14-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ဒီဇင်ဘာလ ၄ ရက် စတင်ဖွင့်လှစ်မည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်း ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ အမည်စာရင်းကို ယနေ့ (နိုဝင်ဘာ ၁၅ ရက်) ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

နည်းပညာ၊ ကွန်ပျူတာ၊ စီးပွားရေးနှင့် ပညာရေး တက္ကသိုလ်များ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်များနှင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ကောလိပ်များ၏ အထူးပြု ဘာသာရပ် အသီးသီးအလိုက် တက်ရောက်ခွင့်ရမည့်သူများစာရင်းကို သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များနှင့် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဘ်ဆိုက်တွင် ထုတ်ပြန်မည်ဖြစ်သည်။

ဝင်ခွင့်ရသူများ စာရင်းကို တက္ကသိုလ်အားလုံးထံ ပေးပို့ထားသည့်အပြင် ဆေးတက္ကသိုလ်များလည်း ပေးပို့ထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ကသာ ရွေးချယ်သည့် ကျောင်းများမှာမူ ဝင်ခွင့်ရကျောင်းသားများ စာရင်းထုတ်ပြန်မှု နောက်ကျကောင်း နောက်ကျနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ရှင်းပြသည်။

ဆေးတက္ကသိုလ်များအတွက် ပထမနှစ် ဝင်ခွင့်ရရှိသူများ စာရင်းကို ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဦးဌာနက ပေးပို့သည့်အချိန်တွင် ကျောင်း၌စာကပ်၍ ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် သတင်း အချက်အလက် နည်းပညာတက္ကသိုလ်တွင် ဝင်ခွင့်ရရှိသူများ စာရင်းကို နိုဝင်ဘာလ ၆ ရက်မှ စတင် ထုတ်ပြန်ထားပြီး ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ဝင်ခွင့်ရသူများ စာရင်းကို နိုဝင်ဘာလ ၁၄ ရက်တွင် စတင် ထုတ်ပြန်ထားသည်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် ကျောင်းသား ၂၀ဝ ဦး လက်ခံရန် သတ်မှတ်ထားသော်လည်း လျှောက်ထားသူများမှာ အမှတ် တူညီမှုများ ရှိနေခြင်းကြောင့် ၂၁၇ ဦး ဝင်ခွင့်ရရှိကြောင်း ယင်းတက္ကသိုလ် သုတသိပ္ပံမဟာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာ ဆွေဇင်လှိုင်က ပြောကြားသည်။

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်ပြန်ထားသော ဝင်ခွင့်ရသူများ စာရင်းအရ ဝင်ခွင့်ရရှိသူ ၄၅၁ ဦးရှိပြီး နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း ကျောင်းအပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ၄၈ ကျောင်း၊ ပညာရေးတက္ကသိုလ် နှစ်ကျောင်း၊ ပညာရေးကောလိပ် ၂၅ ကျောင်း၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် ၆၀ ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဦးစီးဌာနလက်အောက်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ဆေးတက္ကသိုလ် (၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်၊ တောင်ကြီး ဆေးတက္ကသိုလ်တို့ ရှိသည်။ 

မြဇာခြည်သင်း


  • VIA