News

POST TYPE

LOCAL

အမျိုးသမီးများသည် နယ်ပယ်များစွာ၌ အခွင့်အရေးများ ဆုံးရှုံးနေရဆဲဟု ဒေါ်အောင်ဆန်းစုကြည်ဆို
14-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၃ 

အမျိုးသမီးများသည် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများတွင် ပါဝင်မှုသည် ယခုကာလအတွင်း အံ့အားသင့်ဖွယ် ဖြစ်သော်လည်း နယ်ပယ်များစွာတွင် အမျိုးသမီးများ အခွင့်အလမ်းများ ဆုံးရှုံးနေရဆဲဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး (ABIS)မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ အမျိုးသမီးများကို လုပ်ငန်းကျွမ်းကျင်မှု မရှိသောလုပ်သားများအဖြစ် သတ်မှတ်ထားပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိသော အိမ်ရှင်မများအဖြစ် သိရှိထားသည့် လူမှုရေးစံနှုန်းသည် အမျိုးသမီးများ ကြုံတွေ့နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၂ ရက်နေ့  ညနေ ၃ နာရီခွဲတွင် မနီလာမြို့ Solaire Hotel ၌ အာဆီယံ စီးပွားရေး အကြံပေး ကောင်စီ (ASEAN BAC)က ကြီးမှူးကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး (ABIS) တွင် တက်ရောက် မိန့်ခွန်းပြောကြားရာ၌ ယင်းကဲ့သို့ အမျိုးသမီးများ၏ အခန်းကဏ္ဍကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအနေနှင့် စီးပွားရေး အောင်မြင်မှုနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု စသည့်ကဏ္ဍများတွင် အမျိုးသမီးများ၏ အရေးပါမှုကို အသိအမှတ်ပြုရန် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား မဟာဗျူဟာမြောက် ဆယ်နှစ်တာ စီမံချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံချက်သည် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ Beijing Platform for ActionESihf  Convention on the Elimination of All Forms of Discrimination against Women ၏ အခြေခံ စည်းမျဉ်းများအပေါ် အခြေခံထားကြောင်း ၎င်းက ဆိုသည်။

“စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်မှုက မြန်မာနိုင်ငံမှာသာမက ဒေသတွင်းမှာပါ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ဒီအားသာချက်ကို အသိအမှတ်ပြုခြင်းအားဖြင့် နိုင်ငံများအတွက် အာဆီယံလို့ ကျွန်မတို့ခေါ်သည့် ပေါင်းစည်းထားတဲ့ အသိုင်းအဝိုင်းတစ်ခုအတွက်နဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုအတွက် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ကိုင်နိုင်မှုစွမ်းအားကို ထုတ်ဖော်ပြသနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြပါစို့”ဟု ၎င်းက မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားလိုက်သည်။

အလားတူပင် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး အခြေအနေများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေးအရ ဆယ်စုနှစ်ချီ ထီးတည်းနေခဲ့ရသည့်အတွက် ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်တွင် စိန်ခေါ်မှုများ ရှိနေသောကြောင့် စီးပွားရေးနှင့် လူမှုရေးအရ ပိုမို ချိတ်ဆက်မှု၊ ပေါင်းစည်းမှု ရရှိရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်လည်း လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ စီးပွားရေးအကြံပေး ကောင်စီ (ASEAN BAC)က ကြီးမှူး ကျင်းပပြီး ဖိလစ်ပိုင်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (ABIS) သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ABIS ၏နှစ် (၅၀) ပြည့် အာဆီယံ ဂုဏ်ပြုညစာစားပွဲနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ သီးသန့် အစည်းအဝေး (EAS Leaders’ Retreat)တို့သို့ တက်ရောက်ခဲ့ကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။    
        
J-09


  • VIA