POST TYPE

LOCAL

စစ်ကိုင်းဆင်များရှင်ဘုရား သီတဂူဆရာတော် ဦးဆောင် ပြုပြင်မည်
18-Sep-2017

မန္တလေး၊ စက်တင်ဘာ ၁၈

ငလျင်ဒဏ် အကြိမ်ကြိမ် ခံစားခဲ့ရသည့် ရတနာစေတီဆင်များရှင်ဘုရားကို သီတဂူဆရာတော် ဦးဆောင်မှုဖြင့် ကျပ်သိန်း တစ်သောင်းခန့် အကုန်အကျခံကာ အကြီးစား ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ဆင်များရှင်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ယင်းသို့ ပြုပြင်နိုင်ရန် သီတဂူဆရာတော်က မတည်ရန်ပုံငွေ ကျပ်သိန်း ၅၀ဝ၀၊ ဆင်များရှင်ဘုရားဂေါပက ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ခန့် 
ရရှိထားပြီးဖြစ်ကြောင်း၊ ကျန်သည့် ဘဏ္ဍာငွေများကို ထပ်မံ ရှာဖွေရမည်ဖြစ်ကာ ထူပါရုံစေတီပုံစံအတိုင်း သံကူကွန်ကရစ်များဖြင့်ငုံ၍ ပြုပြင်ရန် ရည်မှန်းထားကြောင်း၊ လတ်တလောတွင် လုပ်ငန်း စတင် လုပ်နိုင်မည့်အချိန် မသတ်မှတ်ရသေးကြောင်း ဆင်များရှင်ဘုရားဂေါပက အတွင်းရေးမှူး ဦးစန်းမောင်က ပြောကြားသည်။

စစ်ကိုင်းမြို့ကျက်သရေဆောင် ရတနာစေတီဆင်များရှင်ဘုရား၏ မြောက်ဘက်မုခ်ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ကောင်းမှုဖြင့် ၂၀၁၇ နှစ်ဆန်းကတည်းက တည်ဆောက်လျက်ရှိကြောင်းလည်း စစ်ကိုင်းမြို့ခံအချို့ထံမှ သိရသည်။

ရတနာစေတီ ဆင်များရှင်ဘုရားသည် ခေတ်အဆက်ဆက် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကို အကြိမ်ကြိမ် ခံစားခဲ့ရရာ လေးကြိမ် မြေခခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရင်ပြင်တော်နှင့် စေတီလုံးပတ်အချို့ နေရာများတွင် အက်ကြောင်းများ ထင်ခဲ့ကြောင်း၊ ထီးတော်မှ အရံစိန်ဖူးတော်နှင့် ရတနာပစ္စည်းအချို့ မြေခခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ မှတ်တမ်းများအရ သိရသည်။

ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ်က အင်းဝဘုရင် မိုးညှင်းမင်းတရား တည်ထားကိုးကွယ်ခဲ့သော ရတနာစေတီသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပြီးနောက် ဒုတိယမင်းခေါင်မင်းတရားကြီး၏ မယ်တော် အမိတ္တသီရိမိဖုရားကြီးတို့က ကောဇာသက္ကရာဇ် ၈၄၇ ခုနှစ်တွင် ဆင်တပ်ဖြင့်ချီတက်လာကာ ပြန်လည်ပြုပြင်ခဲ့၍ ရတနာ စေတီဆင်များရှင်ဘုရားဟု အမည်တွင်ခဲ့ကြောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်ကိုင်းမြို့ကျက်သရေဆောင် ရတနာစေတီဆင်များရှင်ဘုရားသည် သက္ကရာဇ် ၈၄၇၊ ၁၁၆၁၊ ၁၂၀ဝ၊ ၁၃၀၈၊ ၁၉၅၆၊၂၀၁၂ စသည့်နှစ်တို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စေတီတော်ပြိုကျခြင်း၊ အစိတ်စိတ် အမြွှာမြွှာ ကွဲအက်ခြင်း၊ ထီးတော်မြေခခြင်းများ ကြုံတွေ့ခဲ့ရကြောင်းလည်း  ဂေါပကမှတ်တမ်းများအရ သိရသည်။

ရတနာစေတီဆင်များရှင်ဘုရားသည် စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်တွင် တည်ရှိသည်။

M-05

  • VIA