News

POST TYPE

LOCAL

ဦးဝီရသူ ကရင်ပြည်နယ်တွင် ဟောပြောပွဲ ယနေ့ ပြုလုပ်မည်
09-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ကန့်ကွက်ရှုတ်ချသည့် ဟောပြောပွဲတစ်ရပ်ကို ကရင်ပြည်နယ် ဘားအံတွင် စက်တင်ဘာလ ၁၀ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး မစိုးရိမ်တိုက်ကျောင်းဆရာတော် ဦးဝီရသူက ဦးဆောင် ဟောပြောသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်ကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ဦးဆောင်၍ ထုတ်ပြန်ထားသည့် အစီရင်ခံစာကို ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရှုံ့ချပွဲကို ပြုလုပ်ရာတွင် ဆရာတော် ဦးဝီရသူက ဦးဆောင်၍ ဟောပြောခဲ့သေးသည်။

အထူးသဖြင့် ဆရာတော် ဦးဝီရသူက ရခိုင်ပြည်နယ် မောင်တောဒေသတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာလုံ) အစည်းအဝေး ကျင်းပပေးရန်နှင့် စစ်အုပ်ချုပ်ရေး ကြေညာပေးရန် ယင်းဟောပြောတွင် တောင်းဆိုခဲ့သည်။

ကရင်ပြည်နယ်တွင် ထပ်မံပြုလုပ်မည့် ဟောပြောပွဲတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အစွန်းရောက် ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုံ့ချခြင်း၊ အမျိုး ဘာသာ သာသနာ ဖိနှိပ်ချုပ်ချယ်ခြင်းများ ရပ်တန့်ရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်းညီညွှတ်ရေးအတွက် အထူး အသိပေးခြင်း စသည့်ခေါင်းစဉ်များဖြင့် ဟောပြောသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် မဘသအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ 

“ကရင်ပြည်နယ် မဘသက ဇွဲကပင် တောင်ဆရာတော်က ဟောပြောပွဲကို စီစဉ်တာပါ”ဟု ယင်းမဘသအဖွဲ့ဝင်က ဆိုသည်။

အဆိုပါ ဟောပြောပွဲကို ကရင်ပြည်နယ် ဘားအံမြို့၊ တောင်ကလေး နှစ်သစ်ကူးကွင်းတွင် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။

ဟောပြောပွဲကို ဆရာတော် ဦးဝီရသူ အပါအဝင်၊ စာရေးဆရာ မောင်သွေးချွန်၊ ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီး)၊ အညတြကပ္ပိယ (ကရင်ပြည်နယ်) တို့ကလည်း ပါဝင် ဟောပြောသွားမည်ဖြစ်သည်။

J-08


  • VIA