News

POST TYPE

LOCAL

မြန်မာဥဒါန်းဂျာနယ် ထုတ်ဝေခွင့် မဘသ လျှောက်ထား
02-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၂

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)အဖွဲ့က မြန်မာဥဒါန်းအမည်ဖြင့် အမျိုးသားရေးဂျာနယ် ထုတ်ဝေခွင့်ရရှိရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနထံ လျှောက်ထားပြီးဖြစ်ကြောင်း မဘသအဖွဲ့ထံမှ သိရသည်။

မဘသအဖွဲ့က ဦးစီးထုတ်ဝေလျက်ရှိသော ရန်ကုန်အခြေစိုက် အောင်ဇေယျတုဂျာနယ်နှင့် မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့က ဦးစီးထုတ်ဝေသည့် အတုမရှိဂျာနယ် စသည့် ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်ကို ပိတ်သိမ်းကြောင်း အကြောင်းကြားစာကို ဩဂုတ်လ ၂၄ ရက်နေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မဘသ အဖွဲ့ထံ အကြောင်းကြားစာ ပေးပို့ခဲ့သည်။

“ဒီလို အခြေအနေတွေ ဖြစ်လာမယ်လို့ သိတဲ့အတွက် အမျိုးသားရေး ဂျာနယ်တစ်စောင် ထုတ်ဝေခွင့် လျှောက်ထားပြီးဖြစ်တယ်။ လျှောက်ထားတာက နည်းနည်း ကြာပါပြီ။ အခုထိတော့ ပြန်ကြားရေးက ထုတ်ဝေခွင့် ချမပေးသေးဘူး”ဟု အောင်ဇေယျတုဂျာနယ် အယ်ဒီတာချုပ် မောင်သွေးချွန်က ပြောသည်။

ထိုကဲ့သို့ အောင်ဇေယျတုဂျာနယ်နှင့် အတုမရှိဂျာနယ် နှစ်စောင် ထုတ်ဝေခွင့်လက်မှတ်ကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မဘသ အဖွဲ့ထံ ပေးပို့ခဲ့သော အကြောင်းကြားစာ၌ ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ၉၊ နည်းဥပဒေ ခွဲ(ခ)တွင် လုပ်ငန်းဖျက်သိမ်းလျှင် လုပ်ငန်း ဖျက်သိမ်းသည့်ရက်မှစ၍လည်းကောင်း၊ ဥပဒေပုဒ်မ ၆ အရ လုပ်ငန်း အသိအမှတ် ပြုလက်မှတ်ကို ရုပ်သိမ်းခံရလျှင် ရုပ်သိမ်းခံရသည့်နေ့မှလည်းကောင်း၊ ရက်ပေါင်း ၆၀ အတွင်း အသိအမှတ်ပြု လက်မှတ်ကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာ၌ ဖော်ပြထားသည်။

အလားတူ ဘာသာရေးနှင့် ပတ်သက်၍ ရေးသား ထုတ်ဝေလျက်ရှိသော ဂျာနယ်များသည် အခြားသော ဘာသာများကို ထိခိုက်စေနိုင်သော အရေးအသားများ ပါဝင်ခြင်းကြောင့် လက်ရှိ ထုတ်ဝေခွင့်ပြုထားသည် ထုတ်/တင် စနစ်အစား ဘာသာရေး ဂျာနယ်များကို တင်/ထုတ် စနစ် ပြန်လည် ကျင့်သုံးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက The Voice သတင်းစာသို့ ပြောဆိုခဲ့သည်။

ထို့အတူ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေးတွင် ဘာသာရေး ဂျာနယ်များသည် အခြားဘာသာကို ထိခိုက်စေနိုင်သည့် ရေးသားမှုများအပေါ် ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း ဆရာတော်ကြီးများကို လျှောက်ထားမှု ပြုလုပ်ခဲ့သည်။

J-07


  • VIA