News

POST TYPE

LOCAL

အောင်ဇေယျတုနှင့် အတုမရှိ ဂျာနယ် ထုတ်ဝေခွင့် ပိတ်သိမ်းခံရ
01-Sep-2017
နေပြည်တော်၊ စက်တင်ဘာ ၁

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က ဦးစီးထုတ်ဝေသည့် အောင်ဇေယျတုနှင့် အတုမရှိ ဂျာနယ် ထုတ်ဝေခွင့်ကို ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက သြဂုတ်လ (၂၄) ရက်နေ့တွင် အကြောင်းကြားစာကို မဘသအဖွဲ့ထံ ပေးပို့လိုက်ပြီ ဖြစ်သည်။

“မန္တလေးက ထုတ်ဝေတဲ့ အတုမရှိဂျာနယ်နဲ့ ရန်ကုန်က ထုတ်ဝေတဲ့ အောင်ဇေယျတု ဂျာနယ်ထုတ်ဝေခွင့် ပြန်လည်အပ်နှံခိုင်းတဲ့စာ သြဂုတ်လ ၃၁ ရက်နေ့က ရောက်လာတယ်။ ပိတ်သိမ်းဖို့ လုပ်တာ အာဏာရှိတဲ့သူတွေရဲ့ လုပ်ပိုင်ခွင့်ပဲလေ” ဟု မဘသ ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါတ်တာသောပါက (ယခု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း) က The Voice သတင်းစာသို့ မိန့်ကြားသည်။

ယင်းသို့ ပိတ်သိမ်းခံရမှုကြောင့် ရန်ကုန်အခြေစိုက် အောင်ဇေယျတု ဂျာနယ်နှင့် မန္တလေးအခြေစိုက် အတုမရှိဂျာနယ် နှစ်စောင့်၏ ထုတ်ဝေခွင့်လက်မှတ်ကို ပြန်ကြားရေး ဝန်ကြီးဌာနထံ ရက်ပေါင်း (၆၀) အတွင်း ပြန်လည်အပ်နှံရမည်ဖြစ်သည်.။

အဆိုပါ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်နှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ၉၊ နည်းဥပဒေခွဲ(ခ) တွင် လုပ်ငန်းဖျက်သိမ်းလျှင် လုပ်ငန်းဖျက်သိမ်းသည့် နေမှစ၍ လည်းကောင်း၊ ဥပဒေပုဒ်မ ၆ အရ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခံရလျှင် ရုပ်သိမ်းခံရသည့် နေ့ရက်မှ လည်းကောင်း ရက်ပေါင်း(၆၀) အတွင်း အသိအမှတ်ပြုလက်မှတ်ကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ အမျိုးသားရေးဂျာနယ်အဖြစ် ထုတ်ဝေလျက်ရှိသော ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ရုပ်သိမ်းခံရခြင်းကြောင့် အခြားအမည်ဖြင့် ဆက်လက်ထုတ်ဝေခွင့် ရရှိရန် ထုတ်ဝေခွင့်ကို ပြန်ကြားရေး ဝန်ကြီးဌာနထံ ခွင့်ပြုမိန့်တင်သွားမည် ဖြစ်ကြောင်း မဘသ ဦးဆောင်ဆရာတော်များထံမှ သိရသည်။

ဘာသာရေးနှင့် ဆက်နွယ်သော ဂျာနယ်များ၏ ရေးသားမှုများသည် အခြားဘာသာများကို ထိခိုက်စေနိုင်သောကြောင့် ယင်းဂျာနယ်များအပေါ် စီစစ်သွားရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြီးခဲ့သည် နိုင်ငံတော်သံဃာ့မဟာနာယက အစည်းအဝေး၌ လျှောက်တင်မှုများ ပြုလုပ်ခဲ့သည်။

J-07