News

POST TYPE

LOCAL

မဟန ဆရာတော်ကြီးများ နှစ်နိုင်ငံ အစိုးရ ခွင့်ပြုချက်ရမှသာ ပြည်ပသွားရောက်ခွင့်ပြုမည်
17-Aug-2017
ရန်ကုန်၊ သြဂုတ် ၁၆

နိုင်ငံတော် သံဃမဟာနာယက (မဟန) ဆရာတော်ကြီးများ၏ လုံခြုံရေး အခြေအနေများကြောင့် ပြည်ပခရီးစဉ်များ၌ နှစ်နိုင်ငံအစိုးရ၏ ခွင့်ပြုချက်ရမှသာ ပြည်ပခရီးသွားရောက်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လျှောက်ထားလွှာ ထုတ်ပြန်ခဲ့သည်။

မဟန ဆရာတော်ကြီးများ၏ ပြည်ပခရီးစဉ်များ၌ လုံခြုံရေး အခြေအနေများကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်သွားရောက်ရန် ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

အဆိုပါ ထုတ်ပြန်သည့် လျှောက်ထားလွှာများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သက်ဆိုင်ရာ မဟန ဆရာတော်များထံ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်ကပ်ခဲ့ခြင်း ဖြစ်ကြောင်း မဟန ဆရာတော်များထံမှ သိရသည်။

“ဆရာတော်ကြီးတွေက မြန်မာနိုင်ငံရဲ့ အထွတ်အထိပ် ဖြစ်တယ်။ နှစ်နိုင်ငံ သံရုံးအချင်းချင်း ချိတ်ဆက်ပြီးမှ ပြည်ပကြွရောက်ဖို့ ဖြစ်ပါတယ်။ ထိုင်းက ဆရာတော်ကြီးတွေ မြန်မာနိုင်ငံကို ကြွချီတဲ့ အခါမှာ နိုင်ငံတော်အဆင့်နဲ့ ကြိုဆိုတာ ဖြစ်တယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

အလားတူ ဆရာတော်ကြီးများ၏ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံများ၏ ခရီးစဉ်များ၌ သက်ဆိုင်ရာ နိုင်ငံများမှ လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြည်ပနိုင်ငံများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

J-07