News

POST TYPE

LOCAL

မန္တလေးတိုင်းရှိ မဘသ ဆိုင်းဘုတ်ဖြုတ်သိမ်းရေး မဟနနှင့် သီးခြားထပ်မံ ဆွေးနွေး
24-Jul-2017
ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရေးနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယက (မဟန) ဆရာတော်ကြီးများနှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဆရာတော်ကြီးများသည် ဇူလိုင်လ ၂၂ ရက်၌ မန္တလေးမြို့ ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်သည့် ဦးဆောင်ဆရာတော်များထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ မဟနမှ ဗန်းမော် ဆရာတော်ကြီး အပါအဝင် ဆရာတော်ကြီး ငါးပါးနှင့် မဘသအဖွဲ့မှ ဆရာ တော်ရှစ်ပါး တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးရာ၌ မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းပေးရေး အပါအဝင် ဆရာတော်၊ သံဃာတော်များ ညီညွတ်ကြရန် ဗန်းမော်ဆရာတော်ကြီးက မိန့်ကြားခဲ့ကြောင်း မန္တလေး မဘသ ဦးဆောင် ဆရာတော်များထံမှ သိရသည်။

“ဆိုင်းဘုတ်ကိစ္စ ဖြုတ်သိမ်းရေး အပါအဝင် သံဃာတော်တွေ ညီညွတ်ကြဖို့ ဆွေးနွေးခဲ့ကြတယ်။ ဆရာတော်တို့ မဘသ အဖွဲ့ကို မတရားအသင်းအဖြစ် ပြောဆိုထားတာ ရှိတယ်။ ဆရာတော်တို့ကို မတရားအသင်းဆိုရင် စတင် တည်ထောင်စဉ်အချိန်က ဖျက်သိမ်းခိုင်းသင့်တာ။ မဟန ဆရာတော်ကြီးတွေကို လေးစားကြည်ညိုပါတယ်။ ဆရာတော်တို့ဘက်ကတော့ ဆိုင်းဘုတ်တွေ ဖြုတ်မပေးပါဘူး”ဟု မန္တလေး တိုင်းဒေသကြီး မဘသ ဦးဆောင်ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မိန့်သည်။

အလားတူ မန္တလေး တိုင်ဒေသကြီး မဘသအဖွဲ့သည် မူလအမည်အတိုင်း ဆက်လက် ရပ်တည်ခွင့်ပြုရန် မဟနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံ ဇွန်လ ၉ ရက်၊ ဇူလိုင်လ ၁၄ ရက်၌ စာရေးသား ပေးပို့ခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန)သည် မြန်မာနိုင်ငံအတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်၌ နောက်ဆုံးထား အပြီးဖြုတ်သိမ်းရန် မေလ ၂၃ ရက်၌ ညွှန်ကြားခဲ့သည်။

မဟန၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဖြစ်လျှင် တည်ဆဲ ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

ထို့အတူ ဇူလိုင်လ ၁၄ ရက်နေ့ နိုင်ငံပိုင် ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာ၌ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်၌ မဖြုတ်သိမ်းပါက နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သဖြင့် မလွှဲမရှောင်သာဘဲ အာဏာစက်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ထပ်မံ ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်၌ မဘသ ဆိုင်းဘုတ်များကို ကရင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးများ၌ ဆက်လက် စိုက်ထူထားလျက်ရှိပြီး ဆိုင်းဘုတ်များ မဖြုတ်ချနိုင်ရန် ယင်းဆိုင်းဘုတ်များ၌ မဘသအဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိကြောင်း မဘသအဖွဲ့ထံမှ သိရသည်။

J-07


  • VIA