News

POST TYPE

LATEST NEWS POST

နိုင်ငံတော်အာဏာကို တပ်မတော်က ပြန်ယူမည် မယူမည် မပြောနိုင်သေးဟု တပ်မတော်ဆို
26-Jan-2021
နေပြည်တော်၊ဇန်နဝါရီ ၂၆

တပ်မတော်အနေဖြင့် နိုင်ငံတော်အာဏာကို ပြန်ယူမည် ၊ မယူမည်ကို မပြောနိုင်သေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

"တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာဖြစ်ပါတယ်။ ကျနော်တို့် ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲရေးဥပဒေများကို လေ့လာကြည့်ရင်ပြောနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာက ခင်ဗျားကို တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ယူမယ်လို့လည်းမပြောဘူး၊ မယူဘူးလို့လည်းမပြောဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ လိုက်နာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ယနေ့ (ဇန်နဝါရီ ၂၆ရက်) နေ့လည်ပိုင်းက နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ၎င်းက မီဒီယာများကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် "တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား" ဟု မီဒီယာတစ်ခု၏ မေးခွန်းကို ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက “မရပါဘူး”ဟု လည်းထည့်သွင်းပြောဆိုခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းများတွင် မဲမသမာမှုဖြစ်နိုင်သော မဲစာရင်း ၈ သန်း ၆ သိန်းကျော် စိစစ်တွေ့ရှိနေခြင်းကို တပ်မတော်အနေဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၊ အစိုးရနှင့် လွှတ်တော်တို့မှ ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ ဖြေရှင်းခြင်း မဖြေရှင်းခြင်း စသည့် အခြေအနေပေါ်မူတည်၍ တပ်မတော်အနေဖြင့် ဥပဒေအရ လုပ်ဆောင်ခွင့်ရှိသည့် ကိစ္စအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းအပြင် ယခုရွေးကောက်ပွဲရလဒ်ကို လက်ခံခြင်း၊လက်မခံခြင်း သဘောတရားကိုလည်း ပြန်လည်ဖြေရှင်းသည့် အပေါ်၌သာ မူတည်ကြောင်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ထပ်လောင်းပြောသည်။

S-01