News

POST TYPE

LATEST NEWS POST

မြေယာလျော်ကြေးနှင့်ပတ်သက်၍ အစိုးရဆုံးဖြတ်ချက်ကို မကျေနပ်ဟုဆိုကာ လက်ပံတောင်းတောင်ဒေသခံများ ရှင်းလင်း
25-Jan-2021


မုံရွာ၊ ဇန်နဝါရီ ၂၅ 

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သွားသော မြေဧက ၇၀ဝ၀ ကျော်အတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ဒေသခံတောင်သူအချို့သည် ဇန်နဝါရီ ၂၅ ရက်နေ့က ဆည်တည်းကျေးရွာအနီးတွင် ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ 

ယင်းရှင်းလင်းပွဲကို တုံရွာအုပ်စုမှ တောင်သူငါးဦးက ဦးဆောင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အစိုးရဆုံးဖြတ်ချက်ဖြင့် ထုတ်ပေးသည့်လျော်ကြေး မြေတစ်ဧက ၁၈ သိန်းသည် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို သွေဖယ်နေပြီး လက်ရှိမြေယာပေါက်ဈေးအတိုင်း မဟုတ်သဖြင့် လက်မခံနိုင်ဟု တုံရွာမှ ဒေါ်ညိုလေးက ပြောကြားသည်။ 

“ရွာရွှေ့ပြောင်းဖို့ အစိုးရနဲ့ဌာနတွေ မြေဝယ်နေတာ တစ်ဧက သိန်း ၅၀ဝ-၇၀ဝ ဆိုနေတဲ့သူတွေရှိတယ်၊ ကျွန်မတို့ တောင်း လာတာ တစ်ဧက သိန်း ၁၈၀၊ လိုချင်တာက ကာလပေါက်ဈေးပါ၊ အစီရင်ခံစာအတိုင်းပဲ။ ဘယ်လောက်လို့ မပြောဘူး၊ အစီရင်ခံစာနဲ့ မကိုက်ညီလို့ ကျွန်မတို့ မထုတ်ဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဇန်နဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ကို မကျေနပ်၍ ယခုကဲ့သို့ မြေယာလျော်ကြေးမယူသေးသည့် တောင်သူများက ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

ထိုအချက်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် တောင်သူများ မသိရှိရသဖြင့် သဘောမတူနိုင်ကြောင်း ဆည်တည်းရွာမှ ဒေါ်စန်းရွှေက ပြောကြားသည်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ပြီး ပတ်ဝန်းကျင် ၂၆ ရွာ စီမံကိန်းတွင် ပါဝင်သွားသဖြင့် မြေယာများအတွက် မြေယာလျော်ကြေးကို ၂၀၁၃ ခုနှစ်မှစတင်ကာ သုံးကြိမ်တိုင်ထုတ်ပေးခဲ့ရာ မြေအမျိုးအစားအလိုက် မြေမအတွက် တစ်ဧက ၁၈ သိန်း၊ မမြဲမြေအတွက် ၁၃ သိန်း ထုတ်ပေးခဲ့သည်။ 

လက်ရှိအချိန်တွင် မြေယာလျော်ကြေးမယူသေးသည့် မြေဧက ၁၇၀ဝ ကျော်ရှိပြီး မိုးကြိုးပြင်အုပ်စု၊ ဆည်တည်းရွာဟောင်းနှင့် တုံကျေးရွာအုပ်စုတို့မှတောင်သူ တစ်ရာခန့်သည် မြေယာလျော်ကြေးမယူဘဲ ကျန်နေသေးသည်။        

R-0