News

POST TYPE

LATEST NEWS POST

ရုပ်သေးအမှတ်တံဆိပ် မြန်မာ့လက်ဖက်ရည်ကို တရုတ်နိုင်ငံရှိ e-Platform ပေါ်တွင်ရောင်းချရန် သဘောတူစာချုပ်ချုပ်ဆို
25-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရုပ်သေးအမှတ်တံဆိပ် မြန်မာ့လက်ဖက်ရည်ကို တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးရုံး၏ လုပ်ငန်းခွဲဖြစ်သည့် Guangxi CAEXPO Brand Management Co., Ltd. ၏ e-Platform ပေါ်တွင် ရောင်းချရန်  သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံမှ ရုပ်သေးအမှတ်တံဆိပ်မြန်မာလက်ဖက်ရည်ကို ထုတ်လုပ်တင်ပို့နေသည့် တော်ဝင်ကမ္ဘောဇ တောင်တန်းကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ တရုတ်- အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၏ လုပ်ငန်းခွဲဖြစ်သည့် Guangxi CAEXPO Brand Management Co., Ltd. တို့အကြား e-Platform ပေါ် တွင်ရောင်းချရန် သဘောတူစာချုပ်တစ်ရပ်ကို နန်နင်းမြို့ရှိ စီးပွားရေးသံမှူးရုံး၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ 

ယခင်နှစ်များအတွင်း အာဆီယံနိုင်ငံများမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံတွင် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပသည့်ကာလ၌သာ အများအပြားတွေ့နိုင်ပြီး ကျန်ကာလများတွင် တရုတ်စားသုံးသူများထံသို့ ရောက်ရှိမှုနည်းပါးသဖြင့် တစ်နှစ်ပတ်လုံး ဝယ်ယူရရှိနိုင်မည့် e-Platform ကို ၂၀၁၉ ခု နှစ်ကုန်ခန့်တွင် တရုတ်- အာဆီယံ ကျင်းပရေးအတွင်း ရေးမှူးရုံးကပြုလုပ်ခဲ့ကာ Guangxi CAEXPO Brand Management Co., Ltd. သို့ တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း Guangxi CAEXPO Brand Management Co., Ltd. ၏ e-Platform များကို Taobao စသည့် နာမည်ကြီး e-Platform များပေါ်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယင်း e-Platform ပေါ်တွင် အာဆီယံနိုင်ငံများအလိုက် ကုန်ပစ္စည်းများကို အုပ်စုခွဲ၍ပြသရောင်းချနေရာ မြန်မာနိုင်ငံအတွက် ကုန်ပစ္စည်းများထည့်သွင်းနိုင်ရေးအတွက် နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး ဒေါက်တာရွှေစင်ကိုနှင့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းကတည်းကပင် စတင်ညှိနှိုင်းလာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ e-Commerce Platform စည်းမျဉ်းလိုအပ်ချက်များအရ e-Platform ပေါ်တွင်ရောင်းချလိုသည့် မြန်မာကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံသို့ ပုံမှန်ကုန်သွယ်မှု နည်းလမ်းဖြင့် ရောက်ရှိလာရန်လိုအပ်ခြင်း၊ မြန်မာနိုင်ငံမှ တရားဝင် တင်ပို့သူနှင့် တရုတ်နိုင်ငံမှ တရားဝင်တင်သွင်းသူများ ရှိရန်လိုအပ်ခြင်း၊ တရုတ်အကောက်ခွန်ဌာနတွင် အကောက်ခွန်ရှင်းလင်းထားသည့် အထောက်အထားများလိုအပ်ခြင်း၊ စသည့်အချက်များနှင့် ညီညွတ်ရန်လိုအပ် ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

ထို့ပြင် ကုန်စည်ပြပွဲတွင်ပြသရန် ပင်လယ်ရေကြောင်းမှ တင်သွင်းသည့်ပစ္စည်းများကို ရောင်းချ၍မရခြင်း၊ တရုတ်နိုင်ငံတွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် ထားရန်လိုအပ်ခြင်းနှင့် စားသုံးရန်သင့်လျော်ကြောင်း စစ်ဆေးထားသည့် လက်မှတ်ရရှိထားရန်လိုအပ်ခြင်း၊ တရုတ်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်အညွှန်းများ တပ်ဆင်သည့် လိုအပ်ချက်များနှင့်ညီညွတ်ရန်လိုအပ်ခြင်း၊ တရုတ်နိုင်ငံဘက်မှ တင် သွင်းသည့်လုပ်ငန်းတွင် ဘဏ်စာရင်းရှိရန်လိုအပ်ခြင်းနှင့် အစိုးရကိုအခွန်ဆောင်ရမည့် တရားဝင်ပြေစာများ ထုတ်ပေးရန် လိုအပ်ခြင်း၊ အမှာစာများအတွက် အချိန်မီပေးပို့ရန်နှင့် စောဒကတက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်း သိရသည်။

သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ရက်သတ္တ ၂ ပတ်မှ ၃ ပတ် အတွင်း မြန်မာနိုင်ငံအတွက် ကုန်ပစ္စည်းအုပ်စုကို e-Platform ပေါ်တွင် ထည့်သွင်းသွားမည်ဖြစ်ပြီး တော်ဝင်ကမ္ဘောဇတောင်တန်းကုမ္ပဏီက ယခုကဲ့သို့ဆောင်ရွက်သကဲ့သို့ တရုတ်နိုင်ငံဘက်မှ တရားဝင်ဝယ်ယူမည့်သူရှိသည့် သို့မဟုတ် တရုတ်ဝယ်ယူသူနှင့် လက်ရှိတရားဝင် ကုန်သွယ်မှုပြုနေသည့် မြန်မာကုန် ပစ္စည်းများကိုလည်း Guangxi CAEXPO Brand Management Co., Ltd. ၏ e-Platform ပေါ်တွင် တင်သွင်းရောင်းချလိုပါက ဆက်လက်ချိတ်ဆက်ပေးသွားမည်ဖြစ်သည့်အတွက် economicatt [email protected]
outlook.com သို့ ဆက်သွယ်နိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

S-07