News

POST TYPE

LATEST NEWS POST

အလောင်းတော်ကဿပ ဘုရားဖူးလမ်းတွင် မြေအောက်ရေတူးဖော်
29-Nov-2020


မုံရွာ၊ နိုဝင်ဘာ ၂၉

ယင်းမာပင်ခရိုင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်သွားရာ သပိတ်ဆေးလမ်းပေါ်ရှိ ကိုးမိုင်စခန်းတွင် အနက်ပေ ၅၀ဝ မြေအောက်ရေ (အဝီစိ) တွင်း တူးဖော်မှု အောင်မြင်ခဲ့ကြောင်း အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးရုံးထံမှ သိရသည်။ 

အမျိုးသားဥယျာဉ်အဝင် ဂုံညှင်းပင်မှ ဝက်ကျချောင်းထိ ၁၀ မိုင်အတွင်း နှစ်ပေါင်းများစွာရေရှားခဲ့ရာမှ ယခုလပိုင်းအတွင်း မြေအောက်ရေ တူးဖော်ရန် စီမံဆောင်ရွက်ခဲ့ရာ ယမန်နေ့က ပေ ၅၀ဝ တွင် ရေရရှိခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားဥယျာဉ်ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောကြားသည်။ 

"ဒီနှစ်မှာ အမျိုးသားဥယျာဉ်အနေနဲ့ ဘုရားဖူးလမ်းပြင်ဖို့မလိုတာကြောင့် မြေအောက်ရေတူးတဲ့လုပ်ငန်းကို ဆောင်ရွက်ပါတယ်၊ နှစ်အဆက်ဆက်က ဘုရားဖူးလာသူတွေ လမ်းမှာရေမရှိတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ပါမယ်၊ ကားတွေနားရင်း ရေဖြည့်လို့ရအောင် ရေလှောင်ကန်တွေဆက်လုပ်သွားဖို့ ဘုရားဂေါပကတွေနဲ့ ဆွေးနွေးနေပါတယ်" ဟု ၎င်းက ရှင်းပြသည်။ 

အလောင်းတော်ကဿပ- ဂုံညှင်းပင် တောင်တက်လမ်းပိုင်းရှိ မိုင် ၂၀ ကျော်တွင် ဝက်ကျချောင်း၊ ချောင်းမကြီးချောင်း၊ ဘုရားဝချောင်းတို့တွင်သာ ရေရနိုင်ကြောင်း၊ ကိုးမိုင်စခန်းနှင့် နတ်ထိပ်စေတီတို့ရောက်မှသာ ရေသယ်ယာဉ်များဖြင့် သယ်ယူထားသောရေကို သုံးခဲ့ရာမှ ယခု အခါ လမ်းခုလပ်တွင်လည်း မြေအောက်ရေသုံးစွဲနိုင်တော့မည်ဟု ဒေသခံများထံမှသိရသည်။     

R-08