News

POST TYPE

LATEST NEWS POST

စပါးမျိုးများ၏ ဆားငန်ဒဏ်ခံနိုင်ရည်ရှိမှုကို လေ့လာသည့် သုတေသနပြုလုပ်
29-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၉

ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများရရှိရန် ရည်ရွယ်ချက်ဖြင့် စပါးမျိုးများ၏ ဆားငန်ဒဏ်ခံနိုင်ရည်ရှိမှုကို လေ့လာသည့်အိုးဖြင့် စမ်းသပ်ခြင်းသုတေသန (Pot Experiment) ကို ရေအသုံးချရေး သုတေသနဌာနစုကွင်းတွင် ပြုလုပ်လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။ 

ရေအသုံးချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းကို လိုက်လျောညီထွေစွာဖြင့် သီးနှံစိုက်ပျိုးနိုင်ရန်အတွက် သုတေသနလုပ်ငန်းများကို ရေအသုံးချရေး သုတေသနဌာနစုရှိ သုတေသနပညာရှင်များက ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ နည်းပညာသုတေသနများ ဆောင်ရွက်ရာတွင် ရေအသုံးချရေးသုတေသနဌာနစု၏ သုတေသနပညာရှင်များအနေဖြင့် ရေ၊ မြေ၊ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိ၍ စိုက်ပျိုးရေအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စပါးအပါအဝင်၊ ဆီထွက်သီးနှံ (မြေပဲ)၊ စက်မှုသီးနှံ (ကြံ)၊ ဟင်းသီးဟင်းရွက် (ခရမ်းချဉ်) အစရှိသော သီးနှံအလိုက် စိုက်ပျိုးရေနှင့်ဆက်စပ်သည့် သုတေသနများကို ကွင်းသုတေသနနှင့် ဓာတ်ခွဲခန်း သုတေသနများ ပေါင်းစပ်ဆောင်ရွက်နေ ခြင်းဖြစ်သည်။

ယင်းသုတေသနတွင် စပလစ်ပလော့ (Split Plot) ဒီဇိုင်းကို အသုံးပြုကာ စပါးမျိုး ၁၀ မျိုး၏ မျိုးအလိုက် ဆားငန်ဒဏ်ခံနိုင်ရည်ရှိမှုကို သိရှိနိုင်ရန်အတွက် ရိုးရိုးစိုက်ပျိုးရေပေးသွင်းခြင်းနှင့် ဆားပြင်းအား ၃ မျိုးဖြစ်သော (4 dS/m ၊ 8 dS/m နှင့် 12 dS/m) အသီးသီးရှိသော စိုက်ပျိုးရေပေးသွင်းခြင်းတို့ ယှဉ်ပြိုင်စမ်းသပ်၍ ထပ်ပြုကြိမ် ၃ ကြိမ်ဖြင့် သုတေသနပြုထားခြင်းဖြစ်သည်။

စမ်းသပ်ကွက် စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ -၂၀၁၉ ခုနှစ် နွေရာသီက ယင်းသုတေသနကို စပါးမျိုး ၂၀ မျိုး အသုံးပြုစမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ကောက်ယူ ရရှိခဲ့သည့်မှတ်တမ်းများအရ IR 64 Salto, IR 55179-3-3-11-1, IR 85922- 4-1-AJY, IR 87923-2-2-1-B နှင့် ရွှေအာဆီယံစပါးမျိုးများသည် ဆားဖျော်ရည်ပြင်းအား ၃ မျိုးလုံးတွင်  သင့်တင့်သောအထွက်များကို ပေးစွမ်းနိုင် သည်ဟု တွေ့ရှိရကြောင်း သိရသည်။ 

သို့ဖြစ်၍ ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများရရှိနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဆားပြင်းအားအမျိုးမျိုး၏ စပါးမျိုး ၁၀ မျိုးအပေါ် အကျိုးသက်ရောက်မှုကို ပိုမိုသိရှိနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ထားခြင်းဖြစ်ပြီး စမ်းသပ်ကွက်မှတ်တမ်းများကိုလည်း စနစ်တကျကောက်ယူ၍ သင်္ချာဗေဒနည်းပညာဖြင့် စိစစ်တွက်ချက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရသည်။        

S-07