News

POST TYPE

LATEST NEWS POST

ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးမှသာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ဟန့်တားနိုင်မည်ဟု WHO ထုတ်ပြန်
28-Nov-2020


နိုဝင်ဘာ ၂၈

ကူးစက်ပြန့်ပွားမှုနှုန်း နှေးကွေးသွားစေပြီး Covid-19 ကို ဟန့်တားမည်ဆိုလျှင် ကမ္ဘာတစ်ဝန်းလူဦးရေ ၆၀ ရာခိုင်နှုန်းကျော် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (WHO) က ထုတ်ပြန်ခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းနီးပါ ကိုဗစ်ကာကွယ်ဆေးထိုးထားမှသာ ပိုမိုစိတ်ချရသော ကာကွယ်မှုမျိုး ရရှိနိုင်မည်ဖြစ်ကြောင်းကို WHO က ထုတ်ပြန်ခဲ့သည်။

ယင်းရာခိုင်နှုန်းများသည် လေ့လာတွက်ချက်မှု သုတေတနအများအပြားကို အခြေခံထားခြင်းဖြစ်သည်ဟု WHO ကာကွယ်ဆေးဌာနမှ အကြီးအကဲ ကတ်သရင်းအိုဘရိုင်ယန်က ဂျီနီဗာမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောခဲ့သည်။

“ကျွန်မတို့ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့သတင်းတွေ ပိုရရှိဖို့က အရမ်းအရေးကြီးပါတယ်”ဟု ကတ်သရင်းက ပြောခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်များတွင် AstraZeneca အောက်စ်ဖို့ဒ် ကာကွယ်ဆေး၊ Moderna ကာကွယ်ဆေးနှင့် Pfizer/BioNTech ကာကွယ်ဆေး အစရှိသော ကာကွယ်ဆေးသုံးမျိုးမှာ အသုံးပြုရန် သေချာသည့် ရလဒ်ကောင်းများ ပြသနိုင်ခဲ့ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံမှ စတင်ပျံ့ပွားခြင်းမဟုတ်ပါဟု ယူဆလျှင် အလွန်စိတ်ကူးယဉ်ဆန်သော ယူဆချက်တစ်ခုသာဖြစ်မည်ဟု WHO မှ ပြောရေးဆိုခွင့်ရှိသူ မိုက်ရိုင်ယန်က ပြောခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ အသား၊ ငါးဈေးတစ်ခုမှ စတင်ပျံ့ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင် စတင်ခြင်းမဟုတ်ဘဲ နိုင်ငံခြားမှ စတင်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံရှိ သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများဖြန့်ချိရန် အဆင်သင့်ဖြစ်လျှင် ကနေဒါနိုင်ငံစစ်တပ်က ဦးဆောင်ဖြန့်ချိပေးသွားမည်ဖြစ်သည်ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ထုတ်ပြန်သည်။

တောင်ကိုရီးယားရှိ ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်သည့်သတင်းများ ရယူလိုသဖြင့် မြောက်ကိုရီးယားရှိ ဟက်ကာအဖွဲ့ တောင်ကိုရီးယား ဓာတ်ခွဲခန်းရလဒ်များအတွင်း ဝင်ရောက်ခဲ့ကြသည်ဟု ဆိုးလ်မြို့ အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်လူနာဆောင်တစ်ခု မီးလောင်သဖြင့် ပိုးကူးခံရသူ လူနာငါးဦးအသက်ဆုံးရှုံးခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ ယင်းသို့ လူနာဆောင်များ မီးလောင်ခြင်း လေးကြိမ်ရှိပြီဟုလည်း သိရသည်။

ပြင်သစ်နှင့်စပိန်နိုင်ငံများတွင် တစ်ရက်အတွင်း ပိုးကူးခံရသူဦးရေ အနည်းငယ်ကျဆင်းလာခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ 

F-05