News

POST TYPE

LATEST NEWS POST

ကမ္ဘာ့ပထမဆုံး စူဠာမဏိပတ္တမြားစေတီ ကရင်ပြည်နယ်တွင် တည်ထားကိုးကွယ်မည်
28-Nov-2020


ဘားအံ၊ နိုဝင်ဘာ ၂၈

ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်လာမည့် စူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်မှာ တည်ထားကိုးကွယ်မယ်လို့ ကမ္ဘာလုံးကျောင်းတိုက် အနန္တမေတ္တာ အခမဲ့ဆေးခန်း ဦးဆောင်ဆရာတော် ဦးဝါသေဌက မိန့်ကြားပါတယ်။

"ကရင်ပြည်နယ်မှာ ပတ္တမြားစေတီတည်မှာပါ၊ အကောင်အထည်စဖော်တာကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကတည်းကပါ။ အခုဆိုရင် နှစ်ရာခိုင် နှုန်းလောက်တော့ပြီးနေပြီ၊ သူက အသေးစိတ်လက်ဝင်တာကိုး၊ အခုတော့ တော်တော်များများ မတည်ထားတယ်။ ကျောက်တွေ ကတော့ စေတီတစ်ဆူစာ ပြည့်စုံသလောက်ဖြစ်နေပြီ။ ပတ္တမြားစေတီကတော့ ကမ္ဘာမှာ ဒီတစ်ဆူပဲရှိမယ်၊ မန္တလေးမှာတော့ ကျောက်စိမ်းစေတီ ရှိတယ်။ ကျောက်တွေကို နားကပ်ပုံစံမျိုးလုပ်ပြီးတော့ စေတီမှာစွန့်မယ်၊ ဦးပဉ္စင်းတို့ ရွှေတိဂုံဘုရားမှာ ရွှေဆိုင်းကပ်သလို အဲ့ဒီလိုမျိုး နားကပ်တို့ လက်ကောက်တို့ လက်စွပ်တို့ လုပ်ပြီးတော့မှ စေတီမှာကပ်မှာလေ" လို့  ကမ္ဘာလုံးကျာင်းတိုက် အနန္တမေတ္တာ အခမဲ့ဆေးခန်း ဦးဆောင်ဆရာတော်က မိန့်ကြားပါတယ်။

စူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပ အမှတ် ၉ ရပ်ကွက်၊ ရှင်ဖြူရှင်လမ်းရှိ ကမ္ဘာလုံး ကျောင်းတိုက်အတွင်းမှာ အနန္တမေတ္တာ အခမဲ့ဆေးခန်း ဦးဆောင်ဆရာတော် ဦးဝါသေဌက တည်ထားကိုးကွယ်မှာ ဖြစ်ပါတယ်။

စေတီရဲ့ ဉာဏ်တော်ဟာ ၁၈ ပေခွဲရှိပြီး စေတီတစ်ဆူလုံးကို မိုးကုတ်က ကျောက်တွေနဲ့ တည်ထားမှာဖြစ်ပြီး ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်သိန်း သုံးသောင်းကျော်ခန့်မှန်းထားကာ အားလုံးပါဝင်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။                

သူရိန် (VOM)