News

POST TYPE

LATEST NEWS POST

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အမှိုက်မီးရှို့လျှင် အရေးယူခံရမည်
26-Nov-2020
ဓာတ်ပုံ - ကျောက်တံတားမြို့နယ်စည်ပင်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်တွေအတွင်း အမှိုက်များ စုပုံမီးရှို့ခွင့်မရှိကြောင်း၊ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမှာဖြစ်လို့ အမှိုက်ကားခေါ်ယူစနစ် On Call ဆောင်ရွက်ဖို့ စည်ပင်သာယာရေးကော်မတီက ပြောဆိုလိုက်ပါတယ်။

ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်အတွင်း အမှိုက်စုပုံမီးရှို့ခြင်းကြောင့် မြို့နယ်အတွင်း လေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေသလို၊ မီးဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ပေါ်ပေါက်လာစေနိုင်တာကြောင့် မီးရှို့တာတွေ မလုပ်ဖို့ သတိပေးပြောဆိုတာဖြစ်တယ်လို့ သိရပါတယ်။

"မီးရှို့ခွင့်က ရှိကိုမရှိတာ။ အမှိုက်က စွန့်ပစ်ရမယ့်နေရာမှာပဲ သွားစွန့်ပစ်ရမှာပေါ့။ သွားမစွန့်ပစ်ဘူးဆိုရင် On Call စနစ်နဲ့ ပြုလုပ်ရမယ်။ On Call စနစ်အတွက်က ဝန်ဆောင်ခပေးရတယ်။ ဥပမာ - ကားလေးတစ်စီးဆို ၃၅,ဝဝဝ ပေးရတယ်၊ ကားကြီးဆို ၇၀,ဝဝဝ ကျတာပေါ့။ ဒါကတော့ ကားကြီးခေါ်တာပေါ့။ ဒါက On Call ခေါ်တာပေါ့" လို့ တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောပါတယ်။

ရပ်ကွက်များအတွင်း အမှိုက်ပုံပြီး မီးရှို့ဖျက်ဆီးမှုတွေမဖြစ်စေဖို့ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ တာဝန်ရှိသူတွေက လိုက်လံစစ်ဆေး ဆောင်ရွက်မှုတွေ ပြုလုပ်မှာဖြစ်သလို အများပြည်သူတွေ ကျယ်ပြန့်စွာသိရှိနိုင်ဖို့ အတွက်လည်း ရပ်ကွက်အတွင်း အသိပညာ ပေးတဲ့ကိစ္စကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာမြို့နယ်မှာနေထိုင်တဲ့ ဦးမောင်ဝင်းကိုက "မီးရှို့တယ်ဆိုတာ နေ့လယ်လည်း မလုပ်ကြပါဘူး။ မနက်အစောထပြီး လုပ်ကြတာပါ။ မီးရှို့တာကလည်း အပင်ကကျတဲ့ သစ်ရွက်တွေ၊ သစ်ခြောက်တွေကို ရှို့တာ၊ ကိုယ့်ခြံထဲကိုပဲ။ ဒါတွေကို အမှိုက်ကား ခေါပြီး ရှင်းခိုင်းရင် ခေါ်ရှင်းခကုန်မယ်၊ အဲ့ဒီတော့ တကူးတက သူတို့ကို ခေါပြီး ပိုက်ဆံတော့ အကုန်ခံမနေဘူး။ အခုကာလမှာ ဝင်ငွေနဲ့ ထွက်ငွေမှာ အထွက်ကများနေတာမလား၊ မရှို့နဲ့ဆို မရှို့ဘူး၊ သူများတွေ လုပ်တာမြင်ရင်တော့ ကိုယ်လည်း လုပ်ရမှာပဲ" လို့ ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ၂၀၁၈ ခုနှစ်မှာတော့ မည်သည့် စွန့်ပစ်အမှိုက်အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်သောနေရာမှအပ စုပုံခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ပါက ဥပဒေအရအရေးယူဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်း အမှိုက်မီးရှို့ခြင်း ကိစ္စတွေကိုတော့ မြို့တွင်းဧရိယာထက်၊ နေရာကျယ်ဝန်းပြီး လုံးချင်းအိမ်တွေများတဲ့ အခြေခံလူတန်းစား အများဆုံးနေထိုင်တဲ့ မြို့နယ်တွေဘက်မှာ ပိုပြီးဆောင်ရွက်လေ့ရှိတယ်လို့ သိရပါတယ်။

သိင်္ဂီထွန်း(VOM)