News

POST TYPE

LATEST NEWS POST

ပို့ကုန်လိုင်စင်ပါမစ်များအားလုံး ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ Tradenet 2.0 စနစ်တွင် လျှောက်ထားရမည်
24-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၄

လာမည့်ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ပို့ကုန်လိုင်စင်ပါမစ်များအားလုံးကို Tradenet 2.0  စနစ်တွင်လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

Tradenet 2.0  စနစ်တွင် လျှောက်ထားရမည့် ပို့ကုန်လိုင်စင်ပါမစ်များမှာ သွင်းကုန်လိုင်စင်/ပါမစ်ဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်လိုင်စင်/ပါမစ်ဆိုင်ရာကိစ္စရပ်များ၊ ပသကကတ်နှင့်ဆိုင်သည့်ကိစ္စရပ်များ၊ စီးပွားရေးအကျိုးဆောင်ကတ် နှင့်ဆိုင်သည့်ကိစ္စရပ်များ၊ ဝိုင်တင်သွင်းခွင့်ကတ်နှင့်ဆိုင်သည့် ကိစ္စရပ်များ၊ You Amend နှင့်ဆိုင်သည့်ကိစ္စရပ်များ၊ စနစ်နှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ Show Room မှလျှောက်ထားသည့် မော်တော်ယာဉ်များ စသည့် လိုင်စင်/ပါမစ်များကို လျှောက်ထားရမည်ဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့်အသုံးပြုနိုင်သည့်  Myanmar Tradenet 2.0 စနစ်အား အဆင့်လိုက်အသုံးပြုခွင့် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း Tradenet Member လျှောက်ထားခြင်း၊ ပသကလျှောက်ထားခြင်းနှင့် ဆက်စပ်မှတ်ပုံတင်ခြင်းကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ပင်လယ်ရေကြောင်းနှင့် နယ်စပ် (ရုံးချုပ်) ပို့ကုန်လိုင်စင်၊ ပါမစ်များအားလုံးကို Tradenet 2.0 (www.myanmartradenet.com) မှ လျှောက်ထားကြရမည်ဖြစ်ပြီး ယခင်လျှောက်ထားထုတ်ပေးနေသည့် Fully Online စနစ်မှလျှောက်ထားခြင်းကို ယင်းနေ့မှစတင်၍ လျှောက်ထားခွင့်ပြုတော့မည်မဟုတ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ပို့ကုန်လိုင်စင်ပါမစ်အားလုံးအတွက် လျှောက်ထားရာတွင် ယခင် Section များအစား Section (၁) တစ်ခုတည်းဖြင့်သာ ပြောင်းလဲသတ်မှတ်ထားပြီး ပို့ကုန်လိုင်စင်ပါမစ်များအတွက် လိုအပ်သည့် ထောက်ခံချက်များကို ဒီဇင်ဘာလ ၁ ရက်နေ့မတိုင်မီ ထုတ်ပေးထားရှိသည့် ထောက်ခံစာများအား လုပ်ငန်းရှင်ကိုယ်တိုင် လိုင်စင်များလျှောက်ထားရာတွင် Attach File ဖြင့် တင်ပြရမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှ နောက်ပိုင်းထုတ်ပေးသည့် ပို့ကုန်စနစ်အတွက်လိုအပ်သည့် ထောက်ခံချက်များကို သက်ဆိုင်ရာထောက်ခံချက် ထုတ်ပေးသည့်ဌာနအဖွဲ့ အစည်းများ (OGAs) ကိုယ်တိုင် Tradenet 2.0 စနစ်တွင် ဝင်ရောက် ချိတ်ဆက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

S-07