News

POST TYPE

LATEST NEWS POST

ARSA နှင့် ပူးပေါင်းသူများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ၏ ရာဇဝတ်မှုများကို တရားစွဲဆောင်ရွက်ထားကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ထုတ်ပြန်
24-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်နှင့် ပတ်သက်၍ ARSA အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကျူးလွန်မှုများ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ရာဇဝတ်မှု ကျူးလွန်မှုများ၊ ဒေသခံတိုင်းရင်းသားတို့၏ ရာဇဝတ်မှု ကျူးလွန်မှုများကို တရားစွဲ အမှုဖွင့်ဆောင်ရွက်ထားကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ရာတွင် ယင်းအချက်များကို ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးသည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်တွင် တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကိုဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်က တင်ပြခဲ့သည့် အပြီးသတ်အစီရင်ခံစာနှင့် ပတ်သက်၍ အထောက်အထားခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ညွှန်ကြားခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် လက်နက်ကိုင် ပဋိပက္ခကာလအတွင်း ပစ္စည်းဥစ္စာဖျက်ဆီးခံရမှုများ၊ လုယက်မှုများ၊ အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုများ ပါဝင်ကြောင်း သိရသည်။

ICOE ကော်မရှင်၏ အစီရင်ခံစာအရ ဖြစ်စဉ် ၁၃ ခုတွင် ARSA နှင့် အလိုတူပူးပေါင်းပါဝင်သူများ ကျူးလွန်မှု ၈၇ မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်မှု ၂၃ မှု ဒေသခံတိုင်းရင်းသားများကျူးလွန်မှု ၂၉ မှု စုစုပေါင်း အရေးယူဆောင်ရွက်ရမည့်အမှုပေါင်း ၁၃၉ မှုရှိကြောင်းသိရသည်။

ARSA အဖွဲ့နှင့် အလိုတူပူးပေါင်းသူများသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှုများအပါအဝင် ရာဇဝတ်မှု ၈၇ မှု ကျူးလွန်ခဲ့သည်ဟု အစီရင်ခံစာ ဖော်ပြထားပြီး ယင်းအနက် အမှုပေါင်း ၆၇ ခုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ ICOE အစီရင်ခံစာတွင်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှု ၂၃ မှု ကျူးလွန်သည်ဟု ဖော်ပြထားပြီး ၂၃ မှုကို အမှုဖွင့်ဆောင်ရွက်ထားကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဆိုသည်။

ထို့ပြင် ဒေသခံ တိုင်းရင်းသားများ၏ လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှု အပါအဝင် ရာဇဝတ်မှုပေါင်း ၂၉ မှုအနက် ၂၀ မှုကို အမှုဖွင့်ဆောင်ရွက်ထားကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ICOE အစီရင်ခံစာပါ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုခြင်းဆောင်ရွက်မှုများကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ တိုင်ကြားချက်များ လက်ခံဆောင်ရွက်မည့် တိုင်တန်းမှု ယန္တရားတစ်ရပ်ကို တည်ထောင်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆောင်ရွက်ချက်များကိုလည်း အများပြည်သူသိရှိရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာများ ပြုစုခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ကို ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် နိုင်ငံတော် သမ္မတရုံးက ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်လ ၃၀ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင်  ဥက္ကဌအဖြစ် ဖိလစ်ပိုင် သံအမတ်ကြီးဟောင်း ရိုဆာရီယို မယ်နာလိုနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇို အိုရှီးမား၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

S-04