News

POST TYPE

LATEST NEWS POST

ဆော်ဒီအိမ်ရှေ့မင်းသားနှင့် တွေ့ဆုံဆွေးနွေးရန် ဆော်ဒီအာရေဗျသို့ အစ္စရေးဝန်ကြီးချုပ် တိတ်တဆိတ်သွားရောက်
23-Nov-2020


တဲလ်အဗစ်၊ နိုဝင်ဘာ ၂၃ 

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျာမင်နေတန်ညာဟူသည် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဆော်ဒီအာရေဗျနိုင်ငံသို့ တိတ်တဆိတ်ထွက်ခွာသွားကြောင်း အစ္စရေးမီဒီယာများက ရေးသားဖော်ပြသည်။ 

Flight-tracking data အချက်အလက်များအရ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုသည် ယခင်၎င်းအသုံးပြုဖူးသော သီးသန့်ဂျက်လေယာဉ်တစ်စင်းဖြင့် ဆော်ဒီအာရေဗျနိုင်ငံ နိုအမ်မြို့သို့သွား ရောက်ခဲ့သည်ဟု သိရသည်။ 

အဆိုပါနိုအမ်မြို့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် ဆော်ဒီအိမ်ရှေ့မင်းသား ဆယ်လ်မန်တို့ တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။ 

ယင်းသို့ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား၊ အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုသည် သမိုင်းကြောင်းအရ ရန်သူများသဖွယ်ဖြစ်ခဲ့သောနိုင်ငံများအကြား ပထမဆုံးအကြိမ်ဖြစ်သည်။ 

BBC သတင်းဌာနဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စုသည် အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့နှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အစ္စရေးနှင့် ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် သဘောတူညီချက်များရရှိလာအောင် လတ်တလော ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု၏ ယင်းသို့ကြားဝင်ဆောင်ရွက်မှုများကို ဆော်ဒီအာရေဗျနိုင်ငံက သတိထားကာ ကြိုဆိုလက်ခံခဲ့သည်။ 

သို့သော်လည်း အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်မရရှိသေးသရွေ့ အမေရိကန်ပြည်ထောင်စု ဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်နိုင်မည်မဟုတ်ဟူသော သဘောမျိုးကို ဆော်ဒီအာရေဗျက ထုတ်ဖော်အသိပေးထားသည်။

F-01