POST TYPE
LATEST NEWS POST
သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ်၏မိသားစုကို ကျောက်စိမ်းမေတ္တာရှင်အဖွဲ့က ကူညီမှုပေးမည်
23-Nov-2020
မန္တလေး၊ နိုဝင်ဘာ ၂၃
သေနတ်နှင့်ပစ်သတ်ခံရသဖြင့် သေဆုံးခဲ့သည့် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ကျန်ရစ်သူမိသားစုကို မန္တလေးမြို့ရှိ ကျောက်စိမ်းမေတ္တာရှင်အဖွဲ့က စာနာကူညီမှုငွေ ပေးအပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
"ဒီအဖြစ်အပျက်ကြီးကို ကိုယ်ချင်းစာတယ်။ ကိုဗစ်ကာလလည်းဖြစ်တယ်။ ကျန်ရစ်တဲ့မိသားစုအတွက် စာနာမှုပြုတဲ့အနေနဲ့ အခုလိုစီစဉ်ရတာ ဖြစ်ပါတယ်" ဟု မန္တလေးမြို့ ကျောက်စိမ်းမေတ္တာရှင်အဖွဲ့ဝင် ဦးထူးက ပြောကြားသည်။
ယင်းအလှူငွေများကို ငါးရက်အတွင်း လှူဒါန်းပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါစာနာကူညီမှုတွင် ပါဝင်လှူဒါန်းလိုသူများအနေနှင့် ကိုမြိုင် (မိုးဆန်းပန်း ကျောက်မျက်) ဝ၉၅၁၁၆၄၃၈၊ ကိုကြိုင် (မြင့်မိုရ်ကြိုင်ကျောက်မျက်) ဝ၉၂၀၅၀၄၃၃၊ ကိုမျိုးမြင့် (ဖားကန့်) ဝ၉၄၂၁၁၂၇၇၄၊ ကိုဟန်ဇော် ဝ၉၂၀၅၅၂၉၂၊ ကိုလှိုင် ဝ၉၇၉၇၃၉၉၉၉၉၊ ဝ၉၄၅၀၄၅၀၆၆၆၊ ဦးထူး ဝ၉၄၄၁၀ဝ၉ဝ၆၅ တို့ထံ ဆက်သွယ်နိုင်သည်။
ကျောက်စိမ်းမေတ္တာရှင်အဖွဲ့သည် မန္တလေးမြို့မှ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်းရှင်များဖြစ်ကြပြီး ဘာသာရေး၊ လူမှုရေး၊ ပရဟိတဆိုင်ရာ ကိစ္စများတွင် ပါဝင်ကူညီပေးနေသူများလည်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် အမှတ်-၁ မဲဆန္ဒ နယ်မြေအတွက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး အရွေးချယ်ခံထားရသော ဦးထိုက်ဇော်သည် နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီ ခန့်အချိန်တွင် ကျောက်မဲမြို့ ပင်တိန်ကျေးရွာရှိ ၎င်း၏နေအိမ်အရှေ့၌ မသမာသူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရသောကြောင့် သေဆုံးသွားခဲ့ကြောင်း၊ ယင်းသို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်းခံထားရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်ကို လက်နက်အားကိုးဖြင့် လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်ထားသည်။
S-02
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021