News

POST TYPE

LATEST NEWS POST

လူသူအရောက်အပေါက်နည်းသော မာရှယ်ကျွန်းတွင် ကိုဗစ်ပေါ့စတစ်လူနာနှစ်ဦး ပထမဆုံးတွေ့ရှိ
29-Oct-2020


ဆစ်ဒနီ၊ အောက်တိုဘာ ၂၉ 

ကမ္ဘာပေါ်တွင် လူသွားလူလာ (လူသူအရောက်အပေါက်)နည်းသည့်နေရာများတွင် တစ်ခုအပါအဝင်ဖြစ်သော မာရှယ်ကျွန်းစုများတွင် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် လူနာနှစ်ဦး ပထမဆုံးစတင်တွေ့ရှိခဲ့ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။ 

ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုများဖြစ်သော မာရှယ်ကျွန်းရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခုမှ အလုပ်သမားနှစ်ဦးကို စမ်းသပ်စစ်ဆေးကြည့်ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အလုပ်သမားနှစ်ဦးသည် ဟာဝိုင်ယီမှ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ပြီး စစ်ဘက်လေယာဉ်စီးနင်းလာကြခြင်းဖြစ်သည်။ 

သို့သော် ၎င်းတို့သည် မာရှယ်ကျွန်း သို့ရောက်ရှိသည့်အချိန်မှစ၍ သီးခြားနေထိုင်ခဲ့ကြရသောကြောင့် အခြားသူများကို ကူးစက်မည့်အန္တရာယ်နည်းပါး ကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

မာရှယ်ကျွန်းစုသည် ပြီးခဲ့သည့် မတ်လကတည်းက ပြည်ပခရီးသွားများ ဝင်ရောက်မှုကို ပိတ်ပင်ခဲ့ကာ ကိုဗစ်အန္တရာယ်ကို ကာကွယ်ခဲ့သည်။ 

“အသက် ၃၅ နှစ်အရွယ်အမျိုးသမီး တစ်ဦးနှင့် ၄၆ နှစ်အရွယ်အမျိုးသားတို့ ဗိုင်းရပ်စ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ကို မာရှယ်ကျွန်းသို့ရောက်သည့် အချိန်မှစ၍ သီးခြားကန့်သတ်ထားရှိခဲ့သောကြောင့် လူအများသို့ရောဂါကူးစက်နိုင်ခြေ အလွန်နည်းပါးသည်” ဟု အာဏာပိုင်များက ကြေညာချက်ထုတ်ပြန်သည်။ 

၎င်းတို့နှစ်ဦးသည် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်စုံတစ်ဦးနှင့်မျှ ထိတွေ့ဆက်ဆံခဲ့ခြင်းမရှိပေ။ 

ယခုအခါ ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ကျွန်းစုအတော်များများသည် ကိုဗစ်ကူးစက်ခံရမည်ကိုစိုးရိမ်သောကြောင့် ပြည်ပခရီးသွားများဝင်ရောက်ခွင့်ပိတ်ပင်ထားသည်။ အကြောင်းမှာ ယင်းကျွန်းစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အားနည်းသောကြောင့် လူအမြောက်အမြား ရောဂါကူးစက်မှုဖြစ်ပွားလာမည်ဆိုပါက ကြပ်မတ်ကုသပေးရန် ခဲယဉ်းနိုင်၍ဖြစ်သည်။ 

မာရှယ်ကျွန်းကမူ ပြီးခဲ့သည့် ဇွန်လမှစ၍ ကန့်သတ်ချက်အချို့ကို လျှော့ချလိုက်ပြီး အမေရိကန်စစ်အခြေစိုက်စခန်းမှ အမှုထမ်းများကို ဝင်ရောက်ခွင့်ပြုခဲ့သည်။ 

မာရှယ်ကျွန်းတွင် လက်ရှိပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများအရ ပြည်ပမှဝင်ရောက်လာသူများအနေနှင့် သုံးပတ်တိတိ ကွာရန်တင်းဝင်ကြရမည် ဖြစ်သည်။                      

F-01