News

POST TYPE

LATEST NEWS POST

အဝေးပြေးယာဉ်လိုင်းများအနေဖြင့် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များ၏ သတ်မှတ်ချက်များအတိုင်း ပြေးဆွဲပေးနေဟုဆို
29-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၉

အဝေးပြေးယာဉ်လိုင်းများအနေဖြင့် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အသီးသီးက ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များအပေါ် မူတည်ပြီး ပြေးဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

အဆိုပါ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှုကို ခရီးသည်များ စီးနင်းမှုမရှိသောကြောင့် စက်တင်ဘာလမှ စတင်ကာ ရပ်နားထားပြီး ကုန်စည်များကိုမူ ပို့ဆောင်ပေးနေကြောင်း ၎င်းက ဆိုသည်။

"အဝေးပြေးယာဉ်လိုင်းတွေကို ပြေးဆွဲမှုရပ်ဖို့ ပိတ်ဖို့ အမိန့်ညွှန်ကြား ထားတာမရှိပါဘူး။ ဒါပေမဲ့ အချို့ပြည်နယ် တိုင်းအသီးသီး ထုတ်ပြန်ကြေညာချက် ပေါ်မူတည်ပြီး Q ဝင်ရတာတွေ ရှိတယ်။ လတ်တလောကတော့ ခရီးသည်စီးနင်းမှုကလည်း မရှိတဲ့အတွက် ပြေးဆွဲမှုကမရှိပါဘူး" ဟု (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောဆိုသည်။

စက်တင်ဘာလ မတိုင်ခင်က အဝေးပြေးယာဉ်လိုင်းအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်များအတိုင်း ပြေးဆွဲပေးရန် YRTA အနေဖြင့် ညွန်ကြားထားပြီး COVID-19 ကြောင့် ခရီးသွားပြည်သူများ ရောဂါကူးစက်မူနည်းပါးရန် ထိုင်ခုံ ၂ ခုံလျှင် ခရီးသည်တစ်ဦးသာ တင်ဆောင်သည့်စနစ်ဖြင့် ပြေးဆွဲခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလမတိုင်ခင်က ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းနှင့်ပြည်နယ်များသို့ အဝေးပြေးယာဉ်လိုင်း ၂၀ဝ ကျော်မှ ယာဉ်စီး ၈၀ဝ ကျော်ဖြင့် ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

S-05