News

POST TYPE

LATEST NEWS POST

Covid 19 ကပ်ရောဂါကို အမေရိကန်ထိန်းချုပ်နိုင်ခြင်းမရှိတော့ဟု ထရမ့်၏ ရုံးအဖွဲ့မှူး ဝန်ခံ
26-Oct-2020


ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂၆

Covid 19 ကပ်ရောဂါကို အမေရိကန်ထိန်းချုပ်နိုင်ခြင်းမရှိတော့ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရုံးအဖွဲ့မှူးက ပြောကြားခဲ့ကြောင်း BBC သတင်းဌာန တွင်ဖော်ပြသည်။

Covid 19 ကို ကုထုံးများ၊ ဖြေဆေးများ အစရှိသော ဆေးဘက်ဆိုင်ရာ နယ်ပယ်များဖြင့်သာ တိုက်ထုတ်နိုင်လိမ့်မည်ဟု အိမ်ဖြူတော်ရုံးအဖွဲ့မှူး မာ့ခ်မဲဒိုးက ပြောခဲ့သည်။

ရွေးကောက်ပွဲမတိုင်ခင် ကိုးရက်အလိုတွင် ကူးစက်မှု အလွန်မြင့်တက်လာသော ကိုရိုနာဗိုင်းရပ်ကြောင့် မာ့ခ်က ယင်းကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်က အရှုံးပေးပြီး အလံဖြူထောင်သွားပြီဟု ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဂျိုးဘိုင်ဒင် ကပြောခဲ့သည်။

ထရမ့်၏အစိုးရအဖွဲ့သည် အမေရိကန်ပြည်သူများကို ကာကွယ်ပေးရမည့် အဓိကတာဝန်ကို လက်လျှော့လိုက်ပြီဆိုခြင်းကို မစ္စတာ မဲဒိုး ထုတ်ပြန်ချက်က ဖော်ပြနေကြောင်း ဘိုင်ဒင်က ပြောသည်။

“ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ် တိုက်ထုတ်ဖို့ဆိုတာ လက်တွေ့ကျတဲ့ ရည်မှန်းချက် တစ်ခုမဟုတ်တော့ပါဘူး။ ဒီဗိုင်းရပ်စ်က ရာသီတုပ်ကွေးသဘော အရမ်းလျှင်လျှင် မြန်မြန်ကူးစက်တယ်လေ” ဟု CNN နှင့် အင်တာဗျူးတစ်ခုတွင် မစ္စတာ မဲဒိုးက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်စတင် ဖြစ်ပေါ်ချိန်မှစ၍ ယခုအချိန်ထိ အမေရိကန်ပြည်သူပေါင်း ၂၂၅,ဝဝဝ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူအများဆုံးနိုင်ငံ ဖြစ်သည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပိုးတွေ့လူနာ ၈၃,၇၅၇ ဦး တွေ့ရှိခဲ့ပြီး ၂၄ ရက်နေ့တွင် ပိုးတွေ့လူနာသစ် ၈၃,၇၁၈ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု John Hopkins တက္ကသိုလ်မှထုတ်ပြန်ခဲ့သည်။

ယခင် တစ်ရက်အတွင်း ပိုးတွေ့လူနာ စံချိန်မှာ ဂျူလိုင်လ ၁၆ ရက်နေ့ဖြစ်ပြီး ၇၇,၃၆၂ ဦး တွေ့ရှိခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြောက်ကာရိုလိုင်းနားနှင့် ဝစ္စကွန်ဆင် အစရှိသည့် မြို့များတွင် မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပင်ဆီလ်ဗေးနီးယား သို့သွားရန်စီစဉ်ထားသည်။ 

အောက်တိုဘာလ ၂၇ ရက်နေ့တွင်မူ မီရှီဂန်၊ ဝစ္စကွန်ဆင်နှင့် နီဘရာစကာသို့ စည်းရုံးရေးဆင်းရန် သွားမည်ဟုသိရသည်။

ဒုသမ္မတ မိုက်ပင့်စ်သည်လည်း မကြာသေးခင်အချိန်ကမှ Covid 19 ကူးစက်ခံထားရသော သူ့ရုံးအဖွဲ့မှူး မာ့က်ရှော့တ်နှင့် ထိတွေ့ထားမှုများရှိခဲ့သော်လည်း ယခုအချိန်ထိ ဆက်လက်မဲဆွယ်စည်းရုံး လျက်ရှိသည်။

မစ္စတာပင့််စ်နှင့်သူ၏ဇနီးနှစ်ဦးစလုံးတွင် Covid 19 ပိုးကင်းစင်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မစ္စတာပင့်စ်၏အကြံပေး မာတီအော့ဘ်စ် နှင့်အတူ အနည်းဆုံး အဖွဲ့ဝင်နှစ်ဦးခန့် Covid 19 ကူးစက်ခံခဲ့ရသည်ဟု သတင်းဌာနများ၏ ထုတ်ပြန်ရေးသားချက် များအရ သိရသည်။ 

ယင်းကူးစက်ခံရမှုများကြောင့် အိမ်ဖြူတော်အတွင်း Covid 19 နှင့် စပ်လျဉ်းကိစ္စများ မည်သို့ကိုင်တွယ်လျက်ရှိသနည်း ဟူသော မေးခွန်းထုတ်ခံခဲ့ရသည်။

သမ္မတ ဒေါ်နယ်ထရမ့်သည်လည်း ပိုးကူးစက်ခံခဲ့ရပြီး နာလန်ထူလာခဲ့သည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်သည်။      

F-05