News

POST TYPE

LATEST NEWS POST

နိုက်ဂျီးရီးယားတွင် ဆူပူအုံကြွများနှင့် လုယက်ဖျက်ဆီးမှုများ ပြင်းထန်လာ၍ တပ်ဖွဲ့ဝင်များ အမြန်ဆုံးစုစည်းနှိမ်နင်းရန် ရဲချုပ်အမိန့်ထုတ်
25-Oct-2020


အဘူဂျာ၊ အောက်တိုဘာ ၂၅

နိုက်ဂျီးရီးယားနိုင်ငံတွင် လမ်းမပေါ် ဆူပူအုံကြွမှုများသာမက လုယက်ဖျက်ဆီးမှုများပါ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသည့်အတွက် ရဲချုပ်က ရဲတပ်ဖွဲ့ဝင်များအားလုံးကို အရေးပေါ်စုရုံးထားရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရဲချုပ် မိုဟာမက်အဒါမူ၏ အဆိုအရ မသာသူရာဇဝတ်ကောင်များက ရဲတပ်ဖွဲ့ ဆန့်ကျင်ရေးဆန္ဒပြမှုများကို အကြောင်းပြု အမြတ်ထုတ်ကာ အများပြည်သူနှင့်သက်ဆိုင်သောနေရာများကို သိမ်းပိုက်ထားကြောင်း၊ ထို့ပြင် လုယက်ဖျက်ဆီးမှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်သည် လက်သင့်ခံနိုင်စရာမရှိဟု ၎င်းကဆိုသည်။ ရဲတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ ဆူပူအကြမ်းဖက်မှုများ၊ လုယက်မှုများနှင့် အများပိုင်ပစ္စည်းဖျက်ဆီးမှုများကို အဆုံးသတ်အောင် လုပ်ဆောင်ရမည်ဟု အမိန့်ရရှိထားကြောင်းသိရသည်။ 

ဆန္ဒပြမှုများမှာ ရဲတပ်ဖွဲ့၏ ကြမ်းတမ်းစွာ ဆက်ဆံမှုများကို ဆန့်ကျင်ကန့်ကွက်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လူငယ်များက ဦးဆောင်လျက်ရှိသည်။ 

၎င်းတို့က နိုက်ဂျီးရီးယားဒုစရိုက်မှုဆန့်ကျင်ရေး အထူးရဲတပ်ဖွဲ့ (Sars)ကို ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ 

ထိကပါး ယိကပါးပြုလုပ်မှုများ၊ ဖိနှိပ်မှုများ၊ ခြိမ်းခြောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ဥပဒေပြင်ပသတ်ဖြတ်မှုများ ဆိုးဆိုးရွားရွားကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည့် အဆိုပါ Sarsအဖွဲ့ကို နိုက်ဂျီးရီးယားသမ္မတ မူဟာမာဒူဘူဟာရီ ကဖျက်သိမ်းပေးခဲ့သည်။ 

သို့သော် ဆန္ဒပြပွဲများမှာ နိုက်ဂျီးရီးယားနိုင်ငံတစ်ဝန်း မြို့အများစုတွင်ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ 

လာဂိုမြို့တွင်မူ လတ်တလောရက်များအတွင်း ဈေးဆိုင်များ၊ ရှော့ပင်းမောများနှင် ကုန်လှောင်ဂိုဒေါင်များ ဖျက်ဆီးဖောက်ထွင်းခံရသည်။ အထင်ကရ နိုင်ငံရေးသမားများ၏ စီးပွားရေးလုပ်ငန်းများကို အဓိကပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ကြသည်။ 

အဆောက်အအုံ အတော်များများလည်း ဖျက်ဆီးခံရသလို အကျဉ်းထောင်များလည်း တိုက်ခိုက်ခံခဲ့ရကြောင်း အာဏာပိုင်များကပြောကြားသည်။ 

ယမန်နေ့(စနေနေ့)ကမူ ဘူကူရူမြို့ရှိ အစိုးရကုန်လှောင်ရုံများ ဖောက်ထွင်းခံလိုက်ရကြောင်း ၎င်းတို့ကဆိုသည်။ အဆိုပါကုန်လှောင်ရုံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Lockdown ကာလအတွင်း ဖြန့်ဖြူးပေးရန် အစားအစာများ သိုလှောင်ထားသည်ဟု ဆိုသည်။ 

နိုက်ဂျီးရီးယားသမ္မတ မူဟာမာဒူဘူ ဟာရီ၏အဆိုအရ လမ်းမများပေါ်တွင် ဆူပူအကြမ်းဖက်မှုများအတွင်း သေဆုံးခဲ့သူ ၆၉ ဦးထိ ရှိသည်ဟု သိရသည်။ 

F-01