News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ပါဝင်ခွင့်ပေးရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တောင်းဆို
25-Oct-2020
ရန်ကုန်၊ အောက်တိုဘာ၂၅  

ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနှင့် ပါဝင်ဆောင်ရွက်ခွင့်ပေးရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းများက အဆိုပြုလွှာတင်ခဲ့ပြီး မြန်မာနိုင်ငံသားများအနေနှင့်လည်း စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက တောင်းဆိုခဲ့သည်။

ရန်ကုန်မြို့ မြို့ပြဖွံဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် စက်မှုဇုန်နှင့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)ကို ဆောက်လုပ်ရေးအသင်း၃သင်းက အဖွဲ့တစ်ခုဖွဲ့ပြီး တင်ထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့် က The Voice ကို ပြောကြားသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ Swiss Challenge တင်ဒါကော်မတီက အောက်တိုဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအသစ်တွင် စက်မှုဇုန်နှင့်အခြေခံအဆောက်အဦများ တည်ဆောက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထိုအဆိုပြုလွှာကို မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဆိုင်ရာအသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်  (MCEA)၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် မြန်မာနိုင်ငံ မြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်များအသင်း (MDA)တို့ ပူးပေါင်းထားသော  Myanmar National Brotherhood အဖွဲ့အနေနှင့် အဆိုပြုလွှာ တင်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ပါဝင်ဆောင်ရွက်ခွင့်ပေးသင့်သည့်အတွက် ယင်းသို့လျှောက်ထားခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့နိုင်ငံရဲ့ မြို့တော် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးမြို့တော်မှာမှ ကျွန်တော်တို့ မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်တွေ မြို့သစ်စီမံကိန်းကို မဆောင်ရွက်ရဘူးဆိုရင်၊ မလုပ်ရဘူးဆိုရင် တော်တော်လေး ရင်နာစရာကောင်းတယ်။ 'C'၄လုံးက ဒါ Swiss Challenge ခေါ်တာပေါ့။ သူက တစ်ပန်းသာတယ်။ နောက် EOI ခေါ်ထားတာကလည်း ၇ ရက်ထဲ တကယ်ကို အံ့ဩသင့်ဖို့ကောင်းတယ်။ ဒီလို ကိုဗစ်ကာလကြီးမှာ ဒီလောက် ရက်တိုတိုနဲ့ခေါ်တာ အံ့ဩစရာ ကောင်းတယ်။ သိန်း ၁ ထောင်ကျော်တဲ့ တင်ဒါတွေတောင် နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက် အရ အနည်းဆုံး အချိန် ၁ လရတယ်။ အခု ခုနစ်ရက်ထဲနဲ့ တင်ဒါခေါ်ထားတာ။ ကျွန်တော်တို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဒီစီမံကိန်းကို ရသင့်တယ်လို့ ထင်တယ်။မရခဲ့ရင် အင်မတန်ဝမ်းနည်းစရာကောင်းတယ်လို့ ပြောချင်ပါတယ်"ဟု ဦးမျိုးမြင့်က ပြောဆိုသည်။ 

ဆောက်လုပ်ရေးအသင်း ၃ သင်း တွင် ဆောက်လုပ်ရေးလုပ်သားပေါင်း ၃၀ဝဝဝ ကျော်ရှိနေပြီး Myanmar National Brotherhood အဖွဲ့သည် အဆိုပါလုပ်သား ၃၀ဝဝဝ ကျော် ကိုယ်စားပြုသည့်အသင်းဖြစ်ကြောင်း သိရသည်။ 

"ဒီလိုစီမံကိန်းမျိုးလုပ်ခွင့်ရလိုက်မယ်ဆိုရင် မြန်မာအင်ဂျင်နီယာတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ အကုန်လုံး အလုပ်အကိုင်အခွင့်အလမ်းတွေရပြီး အရည်အသွေးတွေလည်း တောက်ပြောင်လာမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံခြားသား ကုမ္ပဏီကိုမှ လုပ်ခွင့်မရစေချင်ပါဘူး။မြန်မာနိုင်ငံသားတွေနဲ့ပဲ အုတ်မြစ်ချစေချင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

မြန်မာနိုင်ငံ မြို့ပြနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များအသင်း (MDA)မှ စီအီးစီ ဦးဘိုစန်းက နိုင်ငံခြားသားကို လုပ်ကိုင်ခွင့်ပေးလိုက်ပါက မြန်မာနိုင်ငံသားများ နစ်နာမည်ဟု သုံးသပ်ပြောဆိုသည်။ 

"ပြည်ပက ရင်းနှီးမြှုပ်နှံရင် အချိန်တန်ရင် သူတို့က ထွက်ခွာသွားမှာ။ကိုယ့်ပြည်တွင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကသာလျှုင် ကိုယ့်ပြည်တွင်းမှာ ရှိနေမှာ။နောက်ပြီး ဒီကိုဗစ်ကာလမှာ အလုပ်အကိုင် အခွင့်အလှမ်း အကုန်ကျပ်တည်းနေတာ။ ဒါ့ကြောင့် မြန်မာနိုင်ငံသားတွေကိုပဲ လုပ်ကိုင်ခွင့်ပေးသင့်တယ်"ဟု ၎င်းက ပြောကြားသည်။ 

ယခု ရန်ကုန်မြို့သစ်စီမံကိန်းသည် မြန်မာကုမ္ပဏီများ တင်ဒါဝင်ပြိုင်ပြီး တင်ဒါအောင်ထားတဲ့ စီမံကိန်းတစ်ခုဖြစ်ကြောင်း Myanmar National Brotherhood အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

"မြန်မာတိုင်းရင်းသားတွေဆီက သိမ်းယူပြီးတော့ နိုင်ငံခြားသားကို ပေးတယ်။ပြီးတော့ နိုင်ငံခြားသားပဲ လုပ်ကိုင်ခွင့်ရှိမယ်ဆိုတာကတော့ ဆောင်ရွက်ပုံ နည်းလမ်းမှားနေတယ်လို့ ထောက်ပြချင်တယ်။ အမှန်တကယ်က မြန်မာတိုင်းရင်းသားတွေတင်ဒါအောင်ထားတဲ့ စီမံကိန်း၊ စာချုပ်ချုပ်ထားတဲ့ စီမံကိန်း ဒါကြောင့် မြန်မာတိုင်းရင်းသားတွေပဲ လုပ်ကိုင်ခွင့်ရသင့်တယ်။ ပေးသင့်တယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီ  China Communications Construction Company (CCCC) တို့ ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်းသိရသည်။
                                   
S-05