News

POST TYPE

LATEST NEWS POST

ရန်ကုန်မှ ပြန်လာသူ ၄၀ ကျော် လာခေါ်မည့်သူမရှိသည့်အတွက် မီးနင်းချောင်းဂိတ်တွင် ညအိပ်စောင့်ဆိုင်းခဲ့ရဟုဆို
25-Oct-2020


ဥက္ကံ၊ အောက်တိုဘာ ၂၅

ပရဟိတအဖွဲ့ပိုင်ယာဉ်များက လာရောက်ခေါ်ဆောင်ခြင်းမရှိသည့်အတွက် သာယာဝတီမြို့ရှိ မီးနင်းချောင်းစစ်ဆေးရေးဂိတ်တွင် ညအိပ်စောင့်ဆိုင်းခဲ့ရသည်ဟု ရန်ကုန်မြို့မှပြန်လာသူ ၄၀ ကျော်က ပြောဆိုသည်။

မင်းလှမြို့နယ်အတွင်းပြန်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အောက်တိုဘာ ၂၃ ရက်နေ့က အကြောင်းကြားခဲ့ရာ ပြန်၍ရသည်ဆိုသောကြောင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ သာယာဝတီမြို့ရှိ မီးနင်း ချောင်းဂိတ်သို့ရောက်ချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက လာရောက်ခေါ်ဆောင်၍မရကြောင်းပြောသဖြင့် မီးနင်းချောင်းဂိတ်တွင် ညအိပ်ခဲ့ရကြောင်း မင်းလှမြို့မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကပြောဆိုသည်။

“ကျွန်တော်တို့တွေက ကိုယ်မြို့ ကိုယ်ပြန်လာတာ။ ကိုယ့်ဒေသရောက်ရင်လည်း Quarantine ဝင်မှာပါ။ ရန်ကုန်တိုင်းက စစ်ဆေးရေးဂိတ်နဲ့ ပဲခူးတိုင်းက စစ်ဆေးရေးဂိတ်နှစ်ခုကြားမှာ ရန်ကုန်ပြန်လို့လည်းမရ ပဲခူးတိုင်းလည်းဝင်မရနဲ့ လူကြီးတွေကကိစ္စမရှိဘူး ကလေးတွေပါလာတော့ အတော်လေးဒုက္ခရောက်ခဲ့ကြတယ်" ဟု မိုးညိုမြို့သို့ပြန်မည့်မိသားစုမှ အမျိုးသားတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ၎င်းတို့၏ ထောက်ခံချက်ယူရကြောင်း၊ ယင်းထောက်ခံချက်ပါရှိမှသာ ပရဟိတကယ်ဆယ်ရေးအသင်းများက ခေါ်ယူပို့ဆောင်ခွင့်ရှိကြောင်း ပရဟိတကယ်ဆယ်ရေးအသင်းများထံမှ သိရှိရသည်။

“အရင်ရက်တွေက စက်ရုံတွေပိတ်လို့ သွားကြိုခိုင်းတာ။ အခု Stay Home ကာလသတ်မှတ်ထားတဲ့အတွက် အရင်လို ခေါ်ဆောင်ခွင့်မရှိတော့တာပါ။ အခုတော့ အဆင်ပြေအောင် လုပ်ပေးလိုက်ပါပြီ”ဟု မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့် ကပြောကြားသည်။ 

R-06