News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့ပတ်ရထားများ တစ်ရက်လျှင် တွဲဆိုင်း ၃ ဆိုင်းဖြင့် ပြေးဆွဲ
24-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၄

COVID - 19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ခရီးသွားလာမှု ကန့်သတ်ချက်များအရ ရထားဖြင့် ခရီးသည်စီးနင်းမှု လျော့နည်းသွားသောကြောင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းကို တစ်ရက်လျှင် ရထားတွဲဆိုင်း ၃ ဆိုင်းတည်းဖြင့်သာ ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ 

အဆိုပါ ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် နေ့စဉ်ရထားတွဲဆိုင်း ၆ ဆိုင်းဖြင့် ရုံးချိန်အတွင်း ရထားများကို ပြေးဆွဲလျက်ရှိရာမှ ယခုလက်ရှိတွင် ရထားစီးနင်းသူ နည်းပါးသည့်အတွက် ရထားတွဲဆိုင်း ၃ ဆိုင်းတည်းဖြင့်သာ ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထား (တိုင်းအမှတ်-၇)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

အဆိုပါလမ်းပိုင်းများနှင့် ပြေးဆွဲမည့် ရထားအချိန်စာရင်းမှာ ရန်ကုန် - လှော်ကားလမ်းပိုင်း ရုံးချိန် နံနက် ၁ စီး၊ ညနေ ၁ စီး ထွက်မည်ဖြစ်ကြောင်းနှင့် နံနက်ပိုင်း လှော်ကားမှ ၇ နာရီ ၃၅မိနစ် ထွက်ခွာမည်ဖြစ်ကာ ရန်ကုန်သို့ ၉ နာရီ ၁၅ မိနစ်တွင် ရောက်မည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်မှ ၅ နာရီ ထွက်ခွာမည်ဖြစ်ပြီး လှော်ကားသို့ ၆ နာရီ ၄၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

ရန်ကုန် - မင်္ဂလာဒုံ - အင်းစိန် လမ်းပိုင်းတွင် ရုံးချိန် နံနက် ၁ စီး၊ ညနေ ၁ စီး ထွက်မည်ဖြစ်ကြောင်းနှင့် အင်းစိန်မှ နံနက် ၇ နာရီ ၂၅ နာရီမိနစ်တွင်လည်းကောင်း၊ မင်္ဂလာဒုံမှ နံနက် ၈ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ထွက်ခွာပြီး ရန်ကုန်သို့ ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိ မည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်မှ ၅ နာရီ ၄၅ မိနစ်တွင် ထွက်ခွာကာ မင်္ဂလာဒုံသို့ ၆ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး အင်းစိန်သို့ ည ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ 

ရန်ကုန် - ရွာသာကြီးလမ်းပိုင်းတွင် ရုံးချိန် နံနက် ၁ စီး၊ ညနေ ၁ စီး ထွက်မည် ဖြစ်ကြောင်းနှင့် နံနက်ပိုင်းတွင် ရွာသာကြီး မှ နံနက် ၈နာရီထွက်မည်ဖြစ်ပြီး ရန်ကုန် သို့ နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်မှ ၅ နာရီ ၂၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရွာသာကြီးသို့ ၆ နာရီ ၂၀ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။

တစ်ဘူတာချင်းအလိုက် ရထား အချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာ ဘူတာများတွင် ကြေညာထားမည်ဖြစ်ပြီး ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခ ဈေးနှုန်းများမှာ ခရီးစဉ်အစမှ ၁၅ မိုင်အထိ ငွေကျပ် ၁၀ဝ နှုန်း၊ ၁၅ မိုင်အထက်နှင့် မြို့တစ်ပတ်လုံးကို ငွေကျပ် ၂၀ဝ သတ်မှတ် ထားကာ ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။      

S-05