News

POST TYPE

LATEST NEWS POST

အမေရိကန်သမ္မတထရမ့်တွင် တရုတ်ဘဏ်စာရင်းဖွင့်ထားခြင်းရှိကြောင်း နယူးယောက်တိုင်းမ်သတင်းစာ ဖော်ထုတ်
21-Oct-2020


ဝါရှင်တန်၊ အောက်တိုဘာ ၂၁

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က ၎င်းတွင် တရုတ်ဘဏ်ငွေစာရင်း(ဘဏ်အကောင့်)တစ်ခုရှိထားသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာကရေးသားဖော်ပြသည်။
အဆိုပါ တရုတ်ဘဏ်စာရင်းကို ထရမ့်၏ Trump International Hotels Management လုပ်ငန်းစုက ကိုင်တွယ်ထိန်းသိမ်းထားပြီး ၂၀၁၃ မှ ၂၀၁၅ ခုနှစ်ကြားကာလများတွင် ပြည်တွင်းအခွန်ဆောင်ခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြသည်။

တရုတ်ဘဏ်တွင် အဆိုပါဘဏ်စာရင်းဖွင့်ခဲ့ရသည့်အကြောင်းအရင်းမှာ အာရှဒေသတွင် ဟိုတယ်လုပ်ငန်းများနှင့်ပတ်သက်သည့် ငွေပေးချေမှုများပြုလုပ်ရန် ဖြစ်သည်ဟု ထရမ့်၏ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။
သမ္မတထရမ့်သည် အမေရိကန်ကုမ္ပဏီကြီးများ တရုတ်ပြည်တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုနှင့်ပတ်သက်၍ အမြဲပင်တစေ ဝေဖန်ပြောဆိုခဲ့ပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားအောင် အစပျိုးခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်ရာ ယခုလို ၎င်းတွင် တရုတ်ဘဏ်စာရင်းရှိနေခြင်းက အမေရိကန်ပြည်သူများအကြား ဝေဖန်ပြောဆိုစရာအကြောင်းအရာကြီးတစ်ခုဖြစ်လာခဲ့သည်။

နယူးယောက်တိုင်းမ်သတင်းစာက သမ္မတထရမ့်၏ အခွန်ပေးဆောင်သည့်မှတ်တမ်းကိုရရှိခဲ့ပြီးနောက် ၎င်းတွင်တရုတ်ဘဏ်စာရင်းရှိနေကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမှတ်တမ်းတွင် ထရမ့်၏ လုပ်ငန်းများအတွက်အခွန်ပေးဆောင်မှုနှင့် ပုဂ္ဂလဆိုင်ရာကိစ္စရပ်များအတွက် အခွန်ပေးဆောင်မှုများပါဝင်သည်။

နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့်သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖက်ဒရယ်အခွန် ဒေါ်လာ ၇၅၀ ပေးဆောင်ခဲ့ပြီး ယင်းတရုတ်ဘဏ်စာရင်းအနေနှင့် ပြည်တွင်းအခွန် ဒေါ်လာ ၁၈၈၅၆၁ ပေးဆောင်ခဲ့သည်။