News

POST TYPE

LATEST NEWS POST

ချောက်တွင် ပိုးတွေ့လူနာနှစ်ဦးနေထိုင်သော ဆားလယ်ကျွန်းကျေးရွာကို အသွားအလာ ကန့်သတ်
30-Sep-2020


ချောက်၊ စက်တင်ဘာ ၃၀ 

မကွေးတိုင်း၊ ချောက်မြို့နယ် ဆားလယ်ကျေးရွာအုပ်စုမှ ပိုးတွေ့လူနာနှစ်ဦးနေထိုင်သော ဆားလယ်ကျွန်းကျေးရွာကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက စက်တင်ဘာ ၂၉ ရက်ညကစ၍ အသွားအလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်ဟု ချောက်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောဆိုသည်။

မကွေးတိုင်းကျန်းမာရေးဦးစီဌာနက စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က တိုင်းအတွင်း၌ ပိုးတွေ့လူနာ ခုနစ်ဦးထပ်တိုးသည်ဟု သတင်းထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်အရ မကွေးမြို့နယ်တွင် အသက် ၂၅ နှစ် အမျိုးသားနှင့် အသက် ၂၃ နှစ် အမျိုးသမီး၊ ချောက်မြို့နယ်တွင် အသက် ၂၇ နှစ်အမျိုးသားနှင့် အသက် ၄၅ နှစ် အမျိုးသမီး၊ ပွင့်ဖြူမြို့နယ်တွင် အသက် ၂၅ နှစ် အမျိုးသမီး၊တောင်တွင်းကြီးမြို့နယ်တွင် အသက် ၅၀ နှစ် အမျိုးသမီး၊ သရက်မြို့နယ်တွင် အသက် ၆၀ နှစ် အမျိုးသားတို့ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် မကွေးမြို့ ပြည်သူ့ဆေးရုံတွင် သံသယစောင့်ကြည့်လူနာအဖြစ် တတ်ရောက်နေသော ချောက်မြို့နယ် ဆားလယ်ကျေးရွာနေ အသက် ၂၇ နှစ် အမျိုးသား (ရန်ကုန်ပြန်) နှင့် တစ်အိမ်တည်းနေ အစ်မဖြစ်သူ အသက် ၄၅ နှစ် အမျိုးသမီးတို့တွင် ကို-ဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။



"ရန်ကုန်ကပြန်လာတဲ့ကလေး ရွာကိုရောက်လာတယ်လေ။ ရန်ကုန်ပြန်တွေ Quarantine ထားတဲ့ကာလမဟုတ်သေးတော့ ဒီအတိုင်းပဲနေလိုက်တာ။ သူတို့က Quarantine မနေဘူး။ အိမ်မှာပဲနေတယ်လို့ပြောတယ်။ Quarantine ထားခဲ့တာမဟုတ်တော့ တခြားသူတွေကို ကူးစက်ကောင်းကူးစက်နိုင်လို့ ရွာကိုအသွားအလာကန့်သတ်လိုက်တာ"ဟု ချောက်မြို့နယ် ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးက ပြောကြားသည်။

ယင်းပိုးတွေ့လူနာနှစ်ဦးသည် လက်ရှိတွင် မကွေးဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း၊ ၎င်းတို့၏အိမ်မှာ ကျေးရွာအနောက်တောင်ဘက်တွင် သီးခြားရှိနေသဖြင့် မိသားစုဝင် စုစုပေါင်းခုနစ်ဦးကို စက်တင်ဘာ ၂၀ ရက်ကစ၍ Home Quarantine အဖြစ်ထားရှိခဲ့သည်ဟု ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အသွားအလာကန့်သတ်ထားသော ဆားလယ်ကျွန်းကျေးရွာသည် အိမ်ထောင်စု ၁၅၀ စု၊ လူဦးရေ  ၁၂၀၀ ‌ဦးကျော် နေထိုင်သောကျေးရွာတစ်ရွာဖြစ်သည်။

R-11