News

POST TYPE

LATEST NEWS POST

လူသတ်မှုကျူးလွန်သူကို နှစ်ရက်အတွင်းဖမ်းမိ
25-Sep-2020


ဓာတ်ပုံ-ရဲတပ်ဖွဲ့ 

မုံရွာ၊ စက်တင်ဘာ ၂၅

ရွှေဘိုမြို့၌ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို နှစ်ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းထံမှ သိရသည်။

အသတ်ခံရသည့် အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးသည် စက်တင်ဘာ ၂၁ နေ့ည ၈ နာရီခွဲအချိန်က နေအိမ်မှစျေးဝယ်သွားစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၂၂ နေ့ နံနက်အစောပိုင်းတွင် အမှတ် ၇ ရပ်ကွက် ဝက်လည်ရွဲရပ် စျေးအနီး၌ အလောင်းပြန်တွေ့ခဲ့ကြောင်း၊ ယင်းအမှုအား ရွှေဘိုမြို့မရဲစခန်းမှစုံစမ်းခဲ့ရာ စက်တင်ဘာ ၂၃ နေ့ညနေပိုင်းတွင် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟုရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ကျူးလွန်သူမှာ ပြစ်ချက်ဟောင်းရှိသော ထောင်ထွက်တစ်ဦးဖြစ်သည့် အသက် ၄၂ နှစ် ထွန်းထွန်းဝင်းဖြစ်ကြောင်း၊ ၎င်းနေထိုင်ရာ အမှတ် ၇ ရပ်ကွက် နေအိမ်တွင် ဖမ်းမိခဲ့သည်ဟု ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းသန်းဦးကပြောကြားသည်။

"ကလေးက သူ့ဖခင်၊အစ်မဖြစ်သူနဲ့နေတယ်။ ညဘက် လေမိုးကျနေချိန် ကလေးကိုဆေးဝယ်ခိုင်းရာမှာ သားကောင်ရှာနေတဲ့တရားခံက ကလေးကိုဖမ်းခေါ်ပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့တယ်၊ ကလေးရဲ့ဖိနပ်ကိုသူ့အိမ်မှာတွေ့တယ်။ သူကိုယ်တိုင်ကလည်း ကျူးလွန်ကြောင်းဝန်ခံထားတယ်"ဟု စခန်းမှူးက​ရှင်းပြသည်။

ကျူးလွန်သူမှာ မန္တလေးမြို့ အိုးဘိုထောင်၌ နှစ်ရှည်ထောင်ဒဏ်ကျခံပြီး ၂၀၁၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာကာ ရွှေဘိုတွင်နေထိုင်နေသူဖြစ်ကြောင်း၊၎င်းကို ရွှေဘိုမြို့စခန်းတွင် လူသတ်မှု၊ မုဒိန်းမှုရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၃၇ တို့ဖြင့် အမှုဖွင့်ထားသည်ဟု ယင်းရဲစခန်းထံမှ သိရသည်။ 

R-08