News

POST TYPE

LATEST NEWS POST

ပုသိမ်မြို့နယ်အတွင်း လေပြင်းတိုက်သဖြင့် အိမ်များနှင့် စာသင်ကျောင်းပျက်စီး
22-Sep-2020


ပုသိမ်၊ စက်တင်ဘာ ၂၂ 

ပုသိမ်မြို့နယ်အတွင်း စက်တင်ဘာ ၂၁ ရက်နေ့က အစောပိုင်းက လေပြင်းတိုက်ခတ်သဖြင့် အိမ် ၂၅ လုံးနှင့် စာသင့်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပဒဲကောကျေးရွာတွင် အိမ် ၁၄ လုံး ပြိုလဲပျက်စီးခဲ့ကာ အိမ်ကိုးလုံး တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊

ဥတိုကျေးရွာအုပ်စု ကွင်းယားလေးရွာတွင် အိမ်နှစ်လုံးနှင့် စာသင်ကျောင်းတို့ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။



"ရုတ်တရက်မိုးတွေရွာချပြီး လေကတဝေါဝေါတိုက်တာ။ သိပ်မကြာဘူး အိမ်အမိုးပွင့်သွားတယ်။ မိုးမလင်းသေးဘူး လက်နှိပ်မီးထိုးပြီးအကူအညီတောင်းတော့ အနားကအိမ်တွေလည်း ကိုယ့်လိုပဲ။ အချို့အိမ်ဆို အုတ်ဖိနပ်က ကျွတ်ပြီးလဲသွားတယ်" ဟု အိမ်အမိုးလန်၍ ထရံပြိုပျက်ခဲ့သူ ပဒဲကောရွာမှ ဦးတင်ဝင်းက​ပြောဆ်ိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပဒဲကောရွာမှ အမျိုးသား၊အမျိုးသမီးစုစုပေါင်း ၈၁ ဦး၊ကွင်းလျှားလေးရွာမှ အမျိုးသား၊အမျိုးသမီး စုစုပေါင်း ခုနစ်ဦး လေဘေးသင့်ခဲ့ကာ လူနှင့်တိရိစ္ဆာန်သေဆုံး၊ပျောက်ဆုံးမှုမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။



လေဘေးသင့်သူများအတွက် ဆန်ရိက္ခာတစ်ပတ်စာ၊ ကယ်ဆယ်ရေးပစ္စည်း ၁၇မျိုးနှင့် နေအိမ်ပြန်လည်ပြုပြင်ဆောက်လုပ်ရန် ထောက်ပံ့စရိတ်များအပါအဝင် စုစုပေါင်း ကျကျပ် ၃၃ သိန်းကျော်ကို စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ထောက်ပံံ့ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ထပ်မံပြောကြားသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၌ ယခုနှစ် မေလလယ်မှ စက်တင်ဘာအထိ လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၁၃၈၉ ဦး လေဘေးသင့်ခဲ့သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနစာရင်းများအရ သိရသည်။

R-04