News

POST TYPE

LATEST NEWS POST

လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် ၃၀ ဦးထက်မနည်း သေဆုံး
20-Sep-2020

ကဘူးလ်၊ စက်တင်ဘာ ၂၀

အာဖဂန်နစ္စတန် လေတပ်၏ စနေနေ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် တာလီဘန်သူပုန် ၃၀ ကျော် သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေးအတွက် အာဖဂန်သမ္မတ အာရှ်ရက်ဖ်ဂါနီ ထပ်မံတောင်းဆိုမှုပြုလုပ်ထားစဉ်အတွင်း ယခုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

တာလီဘန်တို့ဘက်ကမူ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား နှစ်ဒါဇင်ခန့်သေဆုံးကြောင်း တုံ့ပြန်ထားပြီး ကာတာနိုင်ငံ၌ အစိုးရနှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်အပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

"တာလီဘန်တပ်ဖွဲ့တွေက ကွန်ဒုဇ်ဒေသအခြေစိုက် အာဖဂန်စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်" ဟု အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက Twitter မှ တစ်ဆင့်ထုတ်ပြန်ထားသည်။

တာလီဘန်တပ်မှူးနှစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်က ကာတာနိုင်ငံ ဒိုဟာမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း အပြန်အလှန် နားလည်မှုရရန် တိုးတက်မှုနှေးကွေးနေခြင်းလည်းဖြစ်သည်။

မျက်မြင်သက်သေတစ်ဦး၏ အဆိုအရမူ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိကာ တာလီဘန်စစ်သွေးကြွအများအပြားလည်း သေဆုံးကြောင်း သိရသည်။

၁၉၇၉ ခုနှစ် ဆိုဗီယက်ယူနီယံ၏ ကျူးကျော်မှုအပြီးကတည်းက အာဖဂန်နစ္စတန်နိုင်ငံတွင် ဆယ်စုနှစ်များစွာ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ကာ ယခုအခါ၌ နိုင်ငံရေးအရ နှစ်ဖက်ပြန်လည်ရင်ကြားစေ့ရန် ရည်ရွယ်ထားကြသော်လည်း ယခုတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ တာလီဘန်တပ်ဖွဲ့နှင့် အမေရိကန်ပြည်ထောင်စုအကြား ယခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားသည်။ ယင်းသဘောတူညီချက်တွင် ၂၀၂၁ ခုနှစ် မေလ၌ အာဖဂန်နစ္စတန် နိုင်ငံအတွင်းမှ နိုင်ငံခြားတပ်ဖွဲ့များအပြီး ဆုတ်ခွာပေးရမည် ဆိုသည့်အချက်လည်း ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုတွင် အယ်လ်ကေဒါတို့၏ ၂၀ဝ၁ ခုနှစ် ၉။၁၁ တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှစ၍ အမေရိကန် ဦးဆောင်သည့်တပ်ဖွဲ့များက တာလီဘန် အစိုးရဦးဆောင်သည့် အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ကာ ယခုအချိန်အထိ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်စွဲထားခဲ့ခြင်းဖြစ်သည်။

F-03