News

POST TYPE

LATEST NEWS POST

ဇီဝဆေးဝါးစက်ရုံတစ်ခု၏ ရောဂါပိုးယိုစိမ့်ထွက်ခဲ့မှုကြောင့် တရုတ်အနောက်ပိုင်းတွင် လူထောင်ချီ ဗက်တီးရီးယားကူးစက်ခံခဲ့ရ
19-Sep-2020
၂၀၁၄ ခုနှစ်က ရှန်ဇီပြည်နယ် ရှီအန်မြို့ပြင်တစ်နေရာတွင်   Brucellosis ရောဂါဖြစ်ပွားခဲ့သည့် နွားများကို သုတ်သင်ခြင်းမပြုမီ ပိုးသတ်ဆေးဖျန်းနေပုံ

ဘေဂျင်း၊ စက်တင်ဘာ ၁၉

ပြီးခဲ့သည့်နှစ်က တိရစ္ဆာန်ကာကွယ်ဆေး ထုတ်လုပ်သည့် နိုင်ငံပိုင်ဇီဝဆေးဝါး ထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ပြင်ပသို့စိမ့်ထွက်ခဲ့မှု ဖြစ်စဉ်တစ်ခုကြောင့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ လူထောင်ချီ ဗက်တီးရီးယားရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း သတင်းများတွင်ဖော်ပြသည်။

ရောဂါကူးစက်ထားသည့် တိရစ္ဆာန်များ သို့မဟုတ် တိရစ္ဆာန်ထုတ်ကုန်များနှင့် နီးနီးကပ်ကပ်ထိတွေ့ရာမှ ဖြစ်ပွားလေ့ရှိသော Brucellosis  ရောဂါကို လူ ၃,၂၄၅ ဦး ကူးစက်ခံခဲ့ရကြောင်းနှင့် ယင်းရောဂါပိုးသည် ဖျားနာခြင်း၊ အဆစ်အမြစ်ကိုက်ခြင်းနှင့် ခေါင်းကိုက်ဝေဒနာများ ဖြစ်ပေါ်နိုင်ကြောင်း လန်ကျိုးမြို့မှ ကျန်းမာရေးတာဝန်ရှိသူများက ပြောဆိုသည်။

နောက်ထပ် လူ ၁,၄၀၁ ဦးကို ရောဂါ၏အစောပိုင်း Positive အဖြစ် စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါပိုးသည် လူအချင်းချင်း ကူးစက်သည့် အထောက်အထားမတွေ့ရဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ဇီဝဆေးဝါးစက်ရုံသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ သြဂုတ်လအကြား Brucella ကာကွယ်ဆေးများ ထုတ်လုပ်ခဲ့ရာတွင် သက်တမ်းလွန်နေသော ပိုးသတ်ဆေးများ အသုံးပြုခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ဗက်တီးရီးယားများမှာ စက်ရုံအိပ်ဇောစနစ်တွင် ကင်းစင်ပပျောက်ခဲ့ခြင်းမရှိသည့် သဘောဖြစ်ကြောင်း တရုတ်အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့သည်။

လန်ကျိုးရှိ ဇီဝဆေးဝါးစက်ရုံ China Animal Husbandry Lanzhou Biopharmaceutical Factory မှ ဗက်တီးရီးယားများ Aerosols ပုံစံဖွဲ့စည်း ပါဝင်နေသည့် ဓာတ်ငွေ့များစွန့်ထုတ်ခဲ့ပြီး ယင်းဓာတ်ငွေ့များသည် လေမှတစ်ဆင့် လန်ကျိုးတိမွေးကု သုတေသနအင်စတီကျုသို့ ရောက်ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း လူ ၂၀ဝ နီးပါး ရောဂါပိုးကူးစက်ခဲ့သည်ဟု ဆိုသည်။

သုတေသန အင်စတီကျုမှ လူအချို့အပါအဝင် လန်ကျိုးတက္ကသိုလ်ကျောင်းသား နှင့် ဆရာ။ဆရာမ ၂၀ ကျော် ရောဂါပိုးကူးစက်ခံခဲ့ရသည်ကို နောက်ပိုင်းတွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ဗက်တီးရီးယား ပျံ့နှံ့ကူးစက်မှုတွင် သိုး၊ နွားနှင့် ဝက်များမှာ အများစုပါဝင်ခဲ့ကြောင်း လန်ကျိုး ကျန်းမာရေးကော်မရှင်က သောကြာနေ့တွင် ပြောဆိုခဲ့သည်။

အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၏ အဆိုအရ Brucellosis ရောဂါသည် လူအချင်းချင်းကူးစက်မှု အလွန်ရှားပါးကြောင်း၊ သို့ရာတွင် အချို့ရောဂါလက္ခဏာများ ပြန်ပေါ်ခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ လုံးဝပျောက်ကွယ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ရောဂါလက္ခဏာများတွင် ထပ်တလဲလဲ ဖျားနာခြင်း၊ နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံး သို့မဟုတ် အဆစ်ရောင်ယမ်းခြင်းတို့ဖြစ်ကြောင်း သိရသည်။  

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံက ယခုနှစ်အစောပိုင်းတွင် တောင်းပန်ထားခဲ့ကာ စက်ရုံ၏ Brucellosis ကာကွယ်ဆေး ထုတ်လုပ်ခွင့်လိုင်စင်ကို ပြန်ရုပ်သိမ်းထားကြောင်း လန်ကျိုးအာဏာပိုင်များက ပြောဆိုသည်။ 

ဒေသဆိုင်ရာ တာဝန်ရှိသူများ၏အဆိုအရ ရောဂါဖြစ်ပွားခဲ့သည့်လူနာများကို အောက်တိုဘာလမှစ၍ အသုတ်လိုက်လျော်ကြေးပေးသွားမည်ဖြစ်သည်။ 

F-04