News

POST TYPE

LATEST NEWS POST

ဘီလာရပ်စ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ စီစဉ်သူအမျိုးသမီး လုံခြုံရေးဥပဒေဖြင့် တရားစွဲခံရ
17-Sep-2020


မင့်စ်၊ စက်တင်ဘာ ၁၇

ဘီလာရပ်စ်နိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် မစ္စမာရီယာကောလက်စ်နီကိုဗာယကို တိုင်းပြည်လုံခြုံရေးထိခိုက်စေရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုထားကြောင်း ဘီလာရပ်စ်အာဏာပိုင်များက ပြောကြားသည်။

အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုများကို ဦးဆောင်စီစဉ်သူ အမျိုးသမီးသုံးဦးရှိသော်လည်း သူမမှာ ပြည်ပသို့ထွက်ခွာမသွားသည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

သူမကို တိုင်းပြည်မှနှင်ထုတ်ရန် အာဏာပိုင်များက ကြိုးစားနေစဉ်အတွင်း သူမ၏နိုင်ငံကူးလက်မှတ်ကို သူမကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

ဘီလာရပ်စ်နိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ အတုအယောင်တစ်ခုသာဟုဆိုကာ ပြီးခဲ့သည့်သီတင်းငါးပတ်အတွင်း လူဦးရေတစ်သိန်းခန့်က တနင်္ဂနွေနေ့တိုင်း ဆန္ဒပြပွဲများ၌ ပါဝင်ဆင်နွှဲခဲ့ကြသည်။

သြဂုတ်လ ၉ ရက်နေ့ရွေးကောက်ပွဲတွင် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို အနိုင်ရရှိခဲ့မှုကိုဆန့်ကျင်သည့် အစောပိုင်းဆန္ဒပြပွဲများ၌လည်း ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုများရှိခဲ့သည်။

သမ္မတလူကာရှန်ကို၏ ပြိုင်ဘက်ဖြစ်သူ အတိုက်အခံခေါင်းဆောင် မစ္စဆဗက်လာနာတီကာနိုစကာရာကမူ ရွေးကောက်ပွဲ၌ သူမအနိုင်ရရှိကြောင်း ပြောကြားသည်။ 

ယင်းပြောကြားမှုအပြီးမှာပင် မစ္စတီကာနိုစကာရာအနေနှင့် လစ်သူရေးနီးယားနိုင်ငံသို့ ထွက်သွားရန် ဖိအားပေးခံခဲ့ရသည်။

ထို့ပြင် အစိုးရအတိုက်အခံ တတိယမြောက် အမျိုးသမီးတစ်ဦးဖြစ်သူ မစ္စဗီရိုနီကာဆက်ပ်ကာလိုသည်လည်း ဘီလာရပ်စ်နိုင်ငံမှ ထွက်ခွာခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က မစ္စတာလူကာရှန်ကိုအား ဘီလာရပ်စ်သမ္မတအဖြစ် အသိအမှတ်ပြုထားပြီး တနင်္လာနေ့က ၎င်းတို့နှစ်ဦး ဆွေးနွေးမှုအပြီး၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ထုတ်ချေးမည်ဖြစ်ကြောင်း ကတိပြုထားသည်။

အသက် ၃၈ နှစ်အရွယ် မစ္စ ကောလက်စ်နီကိုဗာမှာ ပြီးခဲ့သည့်သီတင်းပတ်က မျက်နှာဖုံးစွပ်အမျိုးသားများ၏ ဖမ်းဆီးမှုကိုခံလိုက်ရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

သူမကို ယူကရိန်းနိုင်ငံနယ်စပ်ဘက်သို့ ကားဖြင့်တင်ဆောင်သွားပြီး အတင်းအကျပ် ပြည်နှင်ဒဏ်ပေးမည်ကို စိုးရိမ်သဖြင့် သူမ၏နိုင်ငံကူးလက်မှတ်ကို ဆုတ်ဖြဲကာ ကားအပြင်သို့ လွှင့်ပစ်ခဲ့သည်။

“သူမကို ကားနောက်ခန်းထဲ တွန်းထည့်လိုက်တယ်။ သူမကတော့ ဘယ်မှထွက်မသွားနိုင်ဘူးလို့ အော်ဟစ်ခဲ့တယ်” ဟု မစ္စကောလက်စ်နီကိုဗာ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ အန်တွန်ရော့နန် ကော့ဗ်ယူကရိန်းမြို့တော် ကိယက်ဗ်တွင် အင်္ဂါနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

F-03