News

POST TYPE

LATEST NEWS POST

ချမ်းသာသောနိုင်ငံများက ကိုဗစ်ကာကွယ်ဆေး အမြောက်အမြား ကြိုတင်ဝယ်ယူထား
17-Sep-2020


နိုင်ရိုဘီ၊ စက်တင်ဘာ ၁၇

ကမ္ဘာ့လူဦးရေ၏ အနည်းငယ်မျှကိုသာ ကိုယ်စားပြုထားသော ချမ်းသာသည့်နိုင်ငံများသည် COVID-19 ကာကွယ်ဆေးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ဝယ်ယူရရှိရန် ကတိကဝတ်ရှိထားခဲ့ပြီးဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ကလည်း နောက်သီတင်းပတ်အနည်းငယ်အတွင်း၌ အမေရိကန်နိုင်ငံသားများကို ကာကွယ်ဆေးထိုးပေးနိုင်မည်ဟု ကတိပြုထားသည်။

ယခုအခါ ကမ္ဘာတစ်ဝန်း ပိုးတွေ့လူနာ သန်း ၃၀ နီးပါးနှင့် သေဆုံးသူ ၉၃၅,ဝ၀ဝ ကျော်ရှိနေပြီဖြစ်သည့် ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်ရေးအတွက် ဆေးကုမ္ပဏီကြီးများသည် အာနိသင်ထိရောက်သော ကာကွယ်ဆေးတစ်ခုရရှိရန် အပြိုင်ကြိုးစားနေကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မိမိအမျိုးသားရေးအတွက်ပဲ ဦးစားပေးသည့် ကိုယ်ကျိုးကြည့်မှုမျိုး မလုပ်ကြရန် ဥရောပသမဂ္ဂအကြီးအကဲ အာဆူလာဗန်ဒါလေယန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့ပြီး ဆင်းရဲသည့်နိုင်ငံများမှ အကာအကွယ်မဲ့သူများကို ဘေးဖယ်ထားခြင်းသည် လူ့အသက် များစွာကို အန္တရာယ်ကျရောက်စေနိုင်ကြောင်း သတိပေးသည်။

သို့ရာတွင် Oxfam က ထုတ်ပြန်လိုက်သည့် လေ့လာချက်တစ်ခုအရ ကမ္ဘာ့လူဦးရေ၏ ၁၃ ရာခိုင်နှုန်းခန့်ကိုသာ ကိုယ်စားပြုထားသော ချမ်းသာသည့် နိုင်ငံတစ်စုအနေနှင့် ကာကွယ်ဆေးပမာဏအတော်များများကို ဝယ်ယူထားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“အသက်ကယ်ကာကွယ်ဆေး တစ်ခုရရှိမှုဟာ နေထိုင်ရာနေရာ ဒါမှမဟုတ် ငွေဘယ်လောက်များများရှိသလဲဆိုတဲ့အပေါ် အမှီမပြုသင့်ပါဘူး” ဟု Oxfam America မှ မစ္စတာ ရောဘတ်ဆေလ်ဗာမင်က ပြောဆိုခဲ့ပြီး “ဘယ်နေရာက COVID-19 ဖြစ်ပါစေ၊ နေရာတိုင်းရဲ့ COVID-19 ပါပဲ” ဟုဆိုသည်။  

လက်ရှိတွင် နောက်ဆုံးအဆင့် စမ်းသပ်မှုရောက်နေသည့် ကာကွယ်ဆေးငါးမျိုးမှ ထိုးဆေး ၅ ဒသမ ၉ ဘီလီယံ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ လူဦးရေ ၃ ဘီလီယံခန့်ကို ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း Oxfam ၏ လေ့လာချက်ကဖော်ပြသည်။

ယင်းထိုးဆေးများထဲမှ ၅၁ ရာခိုင် နှုန်းခန့်ကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဟောင်ကောင်၊ မကာအို၊ ဂျပန်၊ ဆွစ် ဇာလန်နှင့် အစ္စရေး အပါအဝင် ချမ်းသာသောနိုင်ငံတစ်စုက ဝယ်ယူထားကြသည်။

ကျန်ရှိ ထိုးဆေး ၂ ဒသမ ၆ ဘီလီယံကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဘရာဇီး၊ အင်ဒိုနီးရှားနှင့် မက္ကဆီကို အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများက ဝယ်ယူ သို့မဟုတ် အရောင်းအဝယ် ကတိကဝတ် ရှိထားခဲ့ပြီးဖြစ်သည်။  

F-04