News

POST TYPE

LATEST NEWS POST

ရွှေနှင့် လက်ဝတ်ရတနာတင်ပို့/တင်သွင်းခွင့် လိုင်စင်များကို LC စနစ်ဖြင့်သာ ခွင့်ပြုမည်
15-Aug-2020
ရန်ကုန်၊ ဩဂုတ် ၁၅

ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို တစ်ဆင့်ခံတင်ပို့သည့် Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့်ပြုခြင်းနှင့် လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များကို ဩဂုတ္လ ၁၄ ရက်နေ့က အမိန့်ကြေငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"အရင်က လက်ငင်းစနစ် (TT) နဲ့ အရောင်းအဝယ်လုပ်ပေမယ့် အခုနောက်ပိုင်းထုတ်ပေးတဲ့ လိုင်စင် (LC) စနစ္က ပြည်ပကို ရွှေတင်ပို့ရင် အာမခံကုမ္ပဏီနဲ့သွားတာဖြစ်တဲ့အတွက် ချက်ချင်းရွှေယူသွားလို့မရဘူး။ ဒီကုမ္ပဏီကပို့တဲ့အချိန်မှ တစ်ခါတလေ တစ်လလောက်ကြာတယ်။ အရောင်းအဝယ် အဆင်မပြေဘူး။ ရွှေဈေးက နေ့စဉ်အပြောင်းအလဲရှိနေတာ။ သူက အရောင်းအဝယ် ကြန့်ကြာသလိုဖြစ်တာ"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ပြည်ပတင်ပို့ရာတွင်လည်း ကြန့်ကြာသည့်အပြင် လိုင်စင်လျှောက်ထားရာတွင်လည်း နှစ်ပတ်ခန့်ကြာမြင့်သောကြောင့် ရွှေလုပ်ငန်းရှင်များက LC စနစ်ဖြင့် ရွှေမတင်ပို့ကြတော့သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း နည်းပါးသွားကြောင်း ယင်းအသင်းထံမှ သိရသည်။

ယင်းစည်းကမ်းချက်များအရ ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ္က သတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ L/C သို့မဟုတ် TT စနစ်ဖြင့် ခွင့်ပြုသည်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့် သတ်မှတ်ချက်တွင် Grey List တွင်ပါဝင်နေကာ ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့်အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းကိုအကြောင်းပြု၍ တရားမဝင်သည့်နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးများ ဝင်ရောက်နိုင်ခြင်းမရှိစေရန် သေချာစွာစိစစ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယင်းပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို L/C စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

S-07