News

POST TYPE

LATEST NEWS POST

နိုင်ငံ ၁၅ ခုမှ မြန်မာနိုင်ငံသား ၁၁၄ ဦး ထပ်မံရောက်ရှိမည်
13-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၃

ပြည်ပနိုင်ငံ ၁၅ ခုမှ မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအပါအဝင် ၁၁၄ ဦးသည် သြဂုတ်လ ၁၈ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း မြန်မာသံရုံး (ဆိုးလ်) က ထုတ်ပြန်သည်။

၎င်းတို့သည် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိပိတ်မိနေသော မြန်မာနိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်များ ပျံသန်းပြေးဆွဲပေးရန် မြန်မာသံရုံး (ဆိုးလ်) ၏ စီစဉ်ပေးမှုဖြင့် ပြန်လာခွင့်ရရှိခြင်းဖြစ်သည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိထားသူများမှာ ယူအေအီးနိုင်ငံမှ ၁ ဦး၊ ဟောင်ကောင်မှ ၁ ဦး၊ ချက်နိုင်ငံမှ ၁ ဦး၊ သြစတြေးရီးယားနိုင်ငံမှ ၂ ဦး၊ ဗီယက်နမ်နိုင်ငံမှ ၂ ဦး၊ အီတလီ နိုင်ငံမှ ၂ ဦး၊ ဆွစ်ဇာလန်နိုင်ငံမှ ၃ ဦး၊ ဘရာဇီးနိုင်ငံမှ ၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ၄ ဦး၊ ယူကေမှ ၄ ဦး၊ ကနေဒါနိုင်ငံမှ ၄ ဦး၊ ဘယ်လ်ဂျီယံနိုင်ငံမှ ၅ ဦး၊ အီဂျစ်နိုင်ငံမှ ၅ ဦး၊ အမေရိကန်ပြည်ထောင်စုမှ ၃၀ ဦး၊ ကိုရီးယားနိုင်ငံမှ ၂၉ ဦး၊ မြန်မာသင်္ဘောသား ၁၈ ဦး တို့ဖြစ်သည်။

လိုက်ပါခွင့်ရရှိသူများအနေနှင့် ကိုရီးယားနိုင်ငံရှိ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသို့ ဆက်သွယ်၍ လက်မှတ်များ ဝယ်ယူလဲလှယ်နိုင်ပြီး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားစံတော်ချိန် ၁၆ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်သည့်အတွက် လေယာဉ်မထွက်ခွာမီ လေဆိပ်သို့ ၂ နာရီခွဲခန့် ကြိုတင်ရောက်နေရန် အသိပေးထားသည်။

အခြားသောပြည်ပနိုင်ငံများမှ ကိုရီးယားနိုင်ငံသို့ ခရီးစဉ်အကူးအပြောင်း လာရောက်ကြမည့်သူများအနေနှင့် မိမိတို့စတင်ထွက်ခွာမည့် နိုင်ငံမှ သက်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ဝန်စည်စလှယ်များ ကူးပြောင်းနိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ခရီးစဉ်အကူးအပြောင်းသတ်မှတ်ချိန်မှာ ၂၄ နာရီဖြစ်သည်။

သြဂုတ်လ ၁၂ ရက်နေ့တွင်လည်း အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား ၉၂ ဦး၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၈ ဦးနှင့် သင်္ဘောသား ၁၅ ဦး၊ စုစုပေါင်း ၁၂၅ ရောက်ရှိခဲ့ပြီး ယခုအချိန်အထိ ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ရောက်ရှိသည့် အရေအတွက်မှာ တစ်သောင်းကျော် ရှိလာပြီဖြစ်သည်။

S-09