News

POST TYPE

LATEST NEWS POST

ဝါတွင်းကာလကျောင်းပိတ်ရက်များ ပြင်ဆင်သတ်မှတ်ထားခြင်းမရှိ
12-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၂

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သောကြောင့် ကျောင်းများကိုတစ်ပတ်ခြားစီတက်ရန်နှင့် စာသင်ချိန်များ လျော့ချထားသော်လည်း ဝါတွင်းကာလအတွင်းကျောင်းပိတ်ရက်(ဥပုသ်နေ့) ကို ပြင်ဆင်သတ်မှတ်ထားခြင်းမရှိကြောင်း အခြေခံပညာဦးစီးဌာနထံမှသိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သောကြောင့် ယခုနှစ်တွင် အခြေခံပညာအထက်တန်းများဖြစ်သော  Grade-10,Grade-11 တစ်ပတ်ခြားစီတက်ရန် ညွှန်ကြားထားသော်လည်း ဝါတွင်းကာလတွင် ယခင်နှစ်များအတိုင်း ဥပုသ်နေ့ကိုကျောင်းပိတ်ရက်သတ်မှတ်၍ စနေနေ့တွင်အစား ပြန်တက်ရမည်ဖြစ်သည်။

“ပုံမှန်အတိုင်းပဲပိတ်ခွင့်ပေးပါတယ်။ ကိုယ့်ဒေသနဲ့ကိုပေါ့ ခရစ်ယာန်များတဲ့ဒေသဆိုရင် တနင်္ဂနွေဥပုသ်ပိတ်တာများတယ်။ ဗုဒ္ဓဘာသာတွေပဲရှိတဲ့ရွာတွေဆို အဖိတ်၊ ဥပုသ်ပေါ့။ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး ကျောင်းဆိုလည်း စနေ၊ တနင်္ဂနွေပိတ်တာပေါ့။ ကိုယ့်ကျောင်းအခြေအနေနဲ့ကိုယ်ပိတ်ပြီးတော့တင်ပြတာပေါ့” ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။

ယခုပညာသင်နှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျောင်းဖွင့်ချိန်တစ်လကျော်နောက်ကျဖွင့်လှစ်ခဲ့ရကာ အခြေခံ ပညာအထက်တန်းမှစ၍ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်ထိအထက်တန်းကျောင်းပေါင်း ၄ ထောင်ကျော်ဖွင့်လှစ်၍ ၃ ထောင်ခန့်ဖွင့်လှစ်ရန်ကျန်ရှိနေသေးသည်။

လက်ရှိဖွင့်လှစ်နေသောအထက်တန်းကျောင်းများတွင် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ ကျောင်းသူပေါင်း ၁ သန်းကျော်ရှိပြီး နေ့စဉ်ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ၆သိန်းကျော် ရှိသည်။

ထို့အပြင် အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၄ သောင်းကျော်ဖွင့်ရန်ကျန်ရှိနေပြီး အထက်တန်းကျောင်း အားလုံးဖွင့်လှစ်ပြီး တစ်လအကြာမှသာ အဆိုပါကျောင်းများဖွင့်လှစ်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှသိရသည်။

J-02