News

POST TYPE

LATEST NEWS POST

ဓမ္မစကူးလ်ကော်မတီအစည်းအဝေးများကို ၁၄ ဦးထက်မပိုသော အရေအတွက်ဖြင့် ကျင်းပရန်အသိပေး
11-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၁

ဓမ္မစကူးလ်ကော်မတီအစည်းအဝေးများကို ၁၄ ဦးထက်မပိုသော အရေအတွက်ဖြင့် ကျင်းပပြုလုပ်နိုင်ပြီး အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်း ဖွင့်ပွဲပိတ်ပွဲများနှင့် ဓမ္မစကူးလ်သင်တန်းများကို မပြုလုပ်ရန် ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) က ကြေညာသည်။

ဓမ္မစကူးလ်မိသားစုများအနေနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ဥပဒေများ၊ အမိန့်ကြော်ငြာများ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားလွှာများကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး Mask တပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေခွာလျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာပြီး ၁၄ ဦးထက်မပိုသည့် ကော်မတီအစည်းအဝေးများကို ပြုလုပ်ရန် အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။

သို့ရာတွင် ဓမ္မစကူးလ် အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်း ဖွင့်ပွဲပိတ်ပွဲများ ကျင်းပခြင်း၊ ကလေးများအား ဓမ္မစကူးလ်သင်တန်းများ သင်ကြားခြင်း စသည့် လူစုလူဝေးဖြစ်ပေါ်နိုင်သည့်အရာများ လုံးဝမပြုလုပ်သေးရန်ကို မေတ္တာရပ်ခံထားပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) အနေနှင့် အစိုးရ၏ ထုတ်ပြန်ကြေညာချက်များကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်၍ သင်တန်းဖွင့်လှစ်နိုင်ရန် အသိပေးအကြောင်းကြားမည်ဖြစ်သည်။

အစိုးရ၏ ထုတ်ပြန်ကြေညာချက်များအပေါ်မူတည်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဓမ္မစကူးလ် ဦးဆောင်ဆရာတော်များ၏ အကြံဉာဏ်များကို ကျယ်ကျယ်ပြန့်ပြန့်ရယူ၍ ဗဟိုမှ ဦးဆောင်ဆရာတော်များနှင့် နည်းပညာရှင်များ ဆွေးနွေးတိုင်ပင်ကာ သင်တန်းများပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော Covid-19 ကပ်ရောဂါကြောင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် အပတ်စဉ်ပြုလုပ်ပေးခဲ့သည့် ဓမ္မစကူးလ်သင်တန်းများကို ပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ ဓမ္မစကူးလ်သင်ခန်းစာများကို ဗဟို၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှသာ သင်ကြားပို့ချမှုများကို ပြုလုပ်ခဲ့ရသည်။

S-09