News

POST TYPE

LATEST NEWS POST

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူမရှိသည့်ကျောင်း ၃၃ ကျောင်းရှိ
10-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၀

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအရ ရခိုင်ပြည်နယ်သည် ယခင်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်းများ တိုးတက်ခဲ့သော်လည်း အောင်မြင်သူလုံးဝမရှိသည့် အထက်တန်းကျောင်း ၃၃ ကျောင်းအထိရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၄၉,ဝ၀၀ ကျော်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းခဲ့ပြီး အမှန်တကယ် ဝင်ရောက်ဖြေဆိုခဲ့သူမှာ ၄၅,ဝ၀၀ ကျော်ရှိကာ အောင်မြင်သူ တစ်သောင်းနှစ်ထောင်ကျော်ဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၂၇ ရရှိခဲ့သည်။

ရခိုင်ပြည်နယ်သည် ၂၀၁၉ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၄၂,ဝ၀၀ ကျော်ရှိခဲ့ပြီး အောင်မြင်သူ တစ်သောင်းကျော်သာရှိခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် ချင်းပြည်နယ်ပြီးလျှင် အောင်ချက်အနိမ့်ဆုံးဒေသထဲတွင် ပါဝင်ခဲ့သည်။

၂၀၁၉ ခုနှစ်က အောင်ချက်အနိမ့်ဆုံးဒေသတစ်ခုအဖြစ် ပါဝင်ခဲ့စဉ်က အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲ ၄၄၀ ကျော် ရှိသည့်အနက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူမရှိသည့် ကျောင်းအရေအတွက်မှာ ၂၂ ကျောင်းရှိခဲ့ပြီး ယခုနှစ်တွင် အောင်မြင်သူအရေအတွက်မှာ ထောင်ဂဏန်းတိုးတက်ခဲ့သော်လည်း အောင်မြင်သူမရှိသည့် ကျောင်းအရေအတွက်မှာ ၃၃ ကျောင်းအထိ ရောက်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောကြားသည်။

၂၀၁၉ ခုနှစ်က အောင်မြင်သူလုံးဝမရှိခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းများ ရှိခဲ့သည့်ဒေသမှာ ရခိုင်ပြည်နယ် တစ်ခုတည်းတွင်မဟုတ်ဘဲ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့တွင်လည်း ရှိခဲ့သည်။

နှစ်စဉ်အောင်ချက်များ နည်းပါးလေ့ရှိသည့် ရခိုင်ပြည်နယ်၏ ဒေသတချို့တွင် ယခုနှစ်၏ကျောင်းဖွင့်ချိန်၌ အထက်တန်းကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အစရှိသည့် ဒေသများရှိ အထက်တန်းကျောင်း ၁၁ ကျောင်းကိုလည်း ဖွင့်လှစ်နိုင်ခြင်းမရှိတော့ကြောင်း ဦးတင်သိန်းကဆိုသည်။

S-09