News

POST TYPE

LATEST NEWS POST

သီဟိုဠ်ရှင်ဘုရားအနီးတွင် တွေ့ရသော မြေအောက်လိုဏ်မှာ ရှေးဟောင်းလိုဏ်မဟုတ်ဟုဆို
09-Aug-2020
ချောက်၊ သြဂုတ် ၈

ပခုက္ကူမြို့ ရှေးဟောင်းသီဟိုဠ်ရှင် ဘုရားအနီးတွင် တွေ့ရှိရသော မြေအောက်ခန်းလေးခန်းပါ လိုဏ်ဂူအဆောက်အအုံသည် ရှေးဟောင်းမဟုတ်ဘဲ နှစ်တစ်ရာ ဝန်းကျင်ခန့်က ဆောက်ထားခဲ့သည့် ဘုရားရေသပ္ပာယ်ရာမှ ကျလာသောရေများ အပြင်သို့မရောက်စေရန် ကန်ဆယ်ထားသော နေရာတစ်ခုသာဖြစ်သည်ဟု မကွေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူး ဦးရဲလွင်က ပြောဆိုသည်။

“ရေကန်လိုမျိုးပါပဲ။ အပေါ်က ရေလောင်းလိုက်ရင် အဲဒီအထဲ ရေကျမယ်။ ဘုရားရေသပ္ပာယ်ရင် အဲဒီထဲရောက်သွားမယ်။ အဲဒါမျိုးပါ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါနေရာကို မကွေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးဌာနက သြဂုတ်လ ၈ ရက် နံနက် ၁၁ နာရီခန့်က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ရေသပ္ပာယ်တဲ့နေရာနဲ့ ထိစပ်နေ တာဆိုတော့ အဲဒီရေဆင်းပေါက်ကို ရေငါးပုံးလောက် လောင်းကြည့်လို့ အဲဒီ ရေထွက်ပေါက်ကနေ အခုတွေ့ထားတဲ့ အခန်းလေးခန်း​ထဲကို ရောက်သွားတာ တွေ့ရတယ်။ ဘုရားသပ္ပာယ်ရေဆိုတာ အပြင်ရောက်သွားရင် မကောင်းဘူဆိုတဲ့ အယူအဆတွေကြောင့် ရေထိန်းထားတဲ့ကန်လို့ ယူဆတယ်” ဟု ယင်းဘုရာကြီး ဂေါပကဒုဥက္ကဋ္ဌ ဦးတင်မြင့်က ပြောကြား သည်။

ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင် ဘုရားဝင်း ရေသွင်းကန်အရှေ့ဘက် လမ်းတွင် စည်ပင်က ရေမြောင်းတူးဖော် ရာမှ လိုဏ်တစ်ခုကို သြဂုတ် ၄ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က တွေ့ရှိခဲ့ပြီး လေးကွက်ဆိုင် အခန်းလေးခန်းပုံစံဖြစ်ကြောင်း၊ ရေမြောင်းတူးဖော်မှုကို ရှောင်ကွင်းနိုင်ရန်နှင့် တူးဖော်ရာမှ ထိမိသောအပေါက်ကို ပြန်ပိတ်ထားရန် ရှေးဟောင်းသုတေသနအဖွဲ့က မှာကြားသွားသည်ဟု ယင်းဘုရားဂေါပကအဖွဲ့က ပြောဆိုသည်။

R-11