News

POST TYPE

LATEST NEWS POST

ယခင်နှစ်ထက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၁၀၀ ကျော်ပိုမိုရရှိ
04-Aug-2020


ရန်ကုန်၊ သြဂုတ် ၄

ယခင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဆန်တင်ပို့မှုစာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၅၆၂ သန်းကျော်ရရှိထားကာ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အထိ ၂ ဒသမ ၂ သန်းကျော်တင်ပို့ထားကာ တင်ပို့ငွေကန်ဒေါ်လာ ၆၆၆ သန်းကျော် ရရှိထားပြီး ယခင်နှစ်ထက် မက်ထရစ်တန်ချိန် ၃၆၀,ဝ၀၀ ကျော် ပိုမိုတင်ပို့ထားနိုင်ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် ဆန်ကို တရုတ်၊ မလေးရှား၊ မဒက်ဂါစကာ၊ ဖိလစ်ပိုင်နှင့် အိုင်ဗရီကို့စ်နိုင်ငံများကို အများဆုံးတင်ပို့ထားပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ ဆီနီဂေါ၊ တရုတ်၊ အင်ဒိုနီးရှားနှင့် နယ်သာလန်နိုင်ငံတို့ကို အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ရာခိုင်နှုန်းအရပါဝင်မှုမှာ ၂၇ ဒသမ ဝ၁ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်နိုင်ငံများသို့ ၁၄ ဒသမ ၃၆ ရာခိုင်နှုန်း၊ အာဖရိကဈေးကွက်နိုင်ငံများသို့ ၃၈ ဒသမ ၁၇ ရာခိုင်နှုန်း၊ အခြားနိုင်ငံများသို့ ၂၀ ဒသမ ၄၆ ရာခိုင်နှုန်းတင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် အစိုးရက ၂၀၂၀ ပြည့်နှစ်အတွက် မိုးစပါးနှင့် ၂၀၂၁ ခုနှစ် နွေစပါးတို့အတွက် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ၅၂၀,ဝ၀၀ ကျပ် သတ်မှတ်ထားသည်။

S-07