News

POST TYPE

LATEST NEWS POST

အပြောင်းအရွှေ့ဈေးကွက်အပါအဝင် စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် အင်တာမီလန်အသင်းမှကွန်တီ ထွက်ခွာဖွယ်ရှိ
04-Aug-2020


မီလန်၊ ဩဂုတ် ၃

အင်တာမီလန်အသင်း ထိပ်တန်း အရာရှိများ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်မှုမရှိသောကြောင့် နည်းပြကွန်တီ သည်အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း Sky Italia က ဖော်ပြခဲ့သည်။

အပြောင်းအရွှေ့ဈေးကွက်အတွင်း လုပ်ဆောင်ချက်အပါအဝင် စီမီခန့်ခွဲမှုအားနည်းခြင်းကြောင့် ကွန်တီသည် အင်တာမီလန်အသင်းနှင့် လမ်းခွဲရန်ရှိနေခြင်းဖြစ်သည်။ 

အကယ်၍အင်တာမီလန်မှ ကွန်တီထွက်ခွာခဲ့ပါက ၎င်း၏ နေရာတွင်ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီကိုမြင်တွေ့ရဖွယ်ရှိကြောင်း သတင်းထွက်လာခဲ့သည်။ 

အယ်လီဂရီသည်ပြီးခဲ့သည့်နှစ်တွင် ဂျူဗင်တပ်အသင်းမှထွက်ခွာခဲ့ပြီးနောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။ 

အင်တာမီလန်အသင်းသည် ၂၀၁၉ -၂၀ ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲတွင် ချန်ပီယံဂျူဗင်တပ်၏နောက် ဒုတိယနေရာတွင် အဆုံးသတ်ခဲ့ပြီး ယူရိုပါလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်အဖြစ် ဂီတာဖေးနှင့်ရင်ဆိုင်ရန် ရှိနေသည်။ 

ကွန်တီကိုယ်တိုင်က အင်တာမီလန် အသင်း၏အဆင့်အတန်းကို ဝေဖန်ခဲ့ပြီး ၎င်း၏အလုပ်ကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ 

“ပုဂ္ဂိုလ်ရေးရာ အရပြောရမယ်ဆိုရင်တော့ ဒါဟာ အလွန်ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ကလပ်အသင်းအနေနဲ့ ကစားတွေအပါအဝင် ကျွန်တော့်ရဲ့အလုပ်ကို ကာကွယ်ပေးနိုင်မှုအနည်းငယ်သာရှိပါတယ်။ ကျွန်တော်တို့ဟာ ကွင်းတွင်း၊ ကွင်းပြင် နယ်ပယ်အားလုံးမှာတိုးတက်အောင် လုပ်ဖို့လိုအပ်ပါတယ်။ အသင်းကြီး တစ်သင်းဆိုတာ ကစားသမားတွေကိုပိုပြီး အကာအကွယ်လုပ်ပေးနိုင်ရမှာပါ။ ရာသီကုန်မှာ ကျွန်တော်တို့ အသင်းဥက္ကဋ္ဌနဲ့ ဆွေးနွေးဖို့ရှိနေပါတယ်။ အခုတော့သူက တရုတ်မှာရှိနေပါတယ်”ဟု ကွန်တီက ပြောဆိုခဲ့သည်။

ငြိမ်းပြည့်