News

POST TYPE

LATEST NEWS POST

တောင်ငူခေတ်လက်ရာ စေတီပုထိုးများတွင် QR ကုတ်များ တပ်ဆင်ရန်ပြင်ဆင်
14-Jul-2020

တောင်ငူမြို့ရှိ သမိုင်းဝင် မြတ်စောညီနောင်ဘုရားသို့ လာရောက်သူများကိုတွေ့ရစဉ်။

တောင်ငူ၊ ဇူလိုင် ၁၄

တောင်ငူမြို့နယ် ကေတုမတီတောင်ငူခေတ်လက်ရာ စေတီပုထိုးများတွင် QR ကုတ်များတပ်ဆင်ရန် ပြင်ဆင်နေကြောင်း ကွန်ပျုတာတက္ကသိုလ် (တောင်ငူ) ပါမောက္ခချုပ်ဒေါက်တာအိအိလှိုင်က ပြောကြားသည်။

“NETEC နဲ့ရန်ကုန်ကွန်ပျုတာတက္ကသိုလ်အကူညီနဲ့ လုပ်ဆောင်နေတာပါ။ လတ်တလောမှာ သမိုင်းအချက်လက်စုဆောင်းတာနဲ့ ဓာတ်ပုံမှတ်တမ်းတင်တာတွေလုပ်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ သမိုင်းအချက်လက်များရယူပြီး QR ကုတ်များ တပ်ဆင်ခြင်းလုပ်ငန်းကို ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပဲခူးဌာနခွဲ) ထံမှ ခွင့်ပြုချက်ရယူခဲ့ပြီးဖြစ်ကာ သမိုင်းအချက်လက်များကို သမိုင်းသုသေသီများ၊ပညာရှင်များက ကူညီဆောင်ရွက်ပေးမည်ဟု ကွန်ပျုတာတက္ကသိုလ်(တောင်ငူ) ထံမှသိရသည်။

“ပဲခူးတိုင်းမှာ ပြည်ဘက်ကလုပ်ပြီးပြီ။ အခုကျန်နေတာပဲခူး။ ကျွန်တော်တို့ဘက်က ဝန်ကြီးဌာနကိုပေးပို့ တင်ပြထားပြီးပါပြီ”ဟု ရှေးဟောင်းသုသေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ) တာဝန်ရှိသူ ဦးညိုမြင့်ဝင်းက ပြောကြားသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ကျော် မြန်မာသက္ကရာဇ် ၉၇၂ ခုနှစ်တန်ဆောင်မုန်းလပြည့်နေ့က တောင်ငူဘုရင် မင်းကြီးညိုစတင်တည်ထောင်ခဲ့သည့် တောင်ငူကေတုမတီမြို့၌ သမိုင်းအမွေအနှစ်စာရင်းဝင်သည့် ကျုံးနှင့် မြို့ရိုးကုန်းများသာမက စေတီပုထိုးများစွာလည်းရှိနေသေးသည်ဟု ဒေသခံများကပြောဆိုသည်။

R-02