News

POST TYPE

LATEST NEWS POST

မွန်တွင် Quarantine စင်တာများမှ စောင့်ကြည့်မှုခံယူနေသူများ ဆက်တိုက်ထွက်ပြေး
14-Jul-2020


တောင်ငူ၊ ဇူလိုင် ၁၄

မွန်ပြည်နယ်တွင် Quarantine စင်တာများမှ စောင့်ကြည့်မှုခံယူနေသူများ ဆက်တိုက်ထွက်ပြေးလျက်ရှိကြောင်း မော်လမြိုင်မြို့ရှိ လူမှုကူညီရေးလုပ်ကိုင်နေသူများက ပြောကြားသည်။

မော်လမြိုင်မြို့နယ်ရှိ Quarantine စင်တာများ၌ စောင့်ကြည့်ခံသူအချို့လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ထွက်ပြေးနေသည်ဟု ၎င်းတို့ကပြောဆိုသည်။

“မနေ့ညက သထုံမှာရှိတဲ့ စခန်းတစ်ခုကအမျိုးသမီးတစ်ဦးထွက်ပြေးတယ်။ ဟိုဘက်ရက်တွေတုန်းကလည်း မော်လမြိုင်ကလူနာနှစ်ဦးပြေးတယ်။ တစ်ဦးတော့ ပြန်မိထားတယ်”ဟု သထုံ မြို့ ရှင်သန်ခြင်းတွဲလက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်စောစုစုထွေးက ပြောကြားသည်။

မွန်ပြည်နယ် သထုံမြို့နယ်ကျပမ်းကျေးရွာ စက်မှုသင်တန်းကျောင်းရှိ Community Based Facility Quarantine စင်တာသို့ ဇူလိုင်လ ၁၀ ရက်နေ့ ကရောက်လာသည့် ထိုင်းနိုင်ငံမှပြန်လာသူ အမျိုးသမီးတစ်ဦး ဇူလိုင် ၁၃ ရက် ည ၇ နာရီခန့်က ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ 

“ထိုင်းကနေသူပြန်ရောက်တာ သုံးရက်ပဲရှိသေးတယ်။ မနေ့က ည ၇ နာရီလောက်မှာပျောက်သွားတယ်။ ဇာတိက ဘီးလင်း ဇုတ်သုတ်ကလို့ သိရတယ်။ သက်ဆိုင်ရာကနေတစ်ဆင့်ဆက်သွယ်နေတယ်”ဟု သထုံ မြို့ ရှင်သန်ခြင်းတွဲလက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်စောစုစုထွေးက ထပ်မံပြောကြားသည်။

မော်လမြိုင်မြို့နယ်ရှိ Quarantine စင်တာနှစ်ခုမှ အမျိုးသားနှစ်ဦး ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့က ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ ယခုပျောက်ဆုံးနေသူအမျိုးသမီးနှင့်ဆိုပါက သုံးရက်အတွင်း သုံးဦးထွက်ပြေးသွားခြင်းဖြစ်သည်။

“မော်လမြိုင်ဆေးရုံကနေ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကထွက်ပြေးသွားတဲ့ စိတ်ဝေဒနာရှင်ကို နောက်နေ့မှာ မုဒုံကနေ ပြန်ဖမ်းမိခဲ့တယ်”ဟု မော်လမြိုင်မြို့နယ်ကျိုက်ဖနှဲ ၁၆ လူမှုကူညီရေး အသင်းမှ ဦးညဏ်စိုးဝင်းက ပြောဆိုသည်။

မွန်ပြည်နယ်ရှိ  Quarantine စင်တာများမှ ထွက်ပြေးသူသုံးဦးအနက် ဇူလိုင် ၁၁ ရက်နေ့က မော်လမြိုင်တက္ကသိုလ် Quarantine စင်တာမှ ထွက်ပြေးသူအမျိုးသားတစ်ဦးနှင့် သထုံစက်မှုသင်တန်းကျောင်းမှ ထွက်ပြေးသူအမျိုးသမီတစ်ဦးတို့ကို စုံစမ်းရှာဖွေနေဆဲဖြစ်သည်ဟု ပရဟိတလုပ်ကိုင်နေသူများထံမှ သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်၊ရောက်လာသူများကို မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ Community Based Facility Quarantine စင်တာများတွင်ထားရှိပြီး ဆေးစစ်မှုမလုပ်မီ ထွက်ပြေးနေသူများကြောင့် ရောဂါကူးစက်ခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

R-02