News

POST TYPE

LATEST NEWS POST

မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးပေးရန် ကျပ် ၆၈၈ သန်းကျော်လျာထား
13-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၃

ယခုပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အထက်တန်းနှင့် မူလတန်း မသန်စွမ်းကျောင်းသား၊ ကျောင်းသူ ၁၂,၀၀၀ ကျော်ကို ပညာသင်ထောက်ပံ့ကြေးပေးရန် ကျပ် ၆၈၈ သန်းကျော်လျာထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်၇မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်မေးမြန်းသည့် အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍတို့တွင် ပညာသင်ထောက်ပံ့ကြေးများကို မည်သို့လျှောက်ထားရွေးချယ်ပြီး မည်မျှပေးသည်ကို သိရှိလိုခြင်းအပေါ်ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးပေးရာတွင် အထက်တန်းအဆင့်အတွက် ကိုးလစာ၊ မူလတန်းအဆင့်အတွက် ရှစ်လစာထောက်ပံ့မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂,၇၅၅ ဦးအထိပေးအပ်မည်ဖြစ်ကြောင်း ဦးဝင်းမော်ထွန်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် ပညာသင်ထောက်ပံ့ကြေးများပေးအပ်ရာတွင် ၂၀၁၇-၁၈ ပညာသင်နှစ်မှစတင်ပြီး ဝေးလံခက်ခဲသောဒေသ ၁၂၆ မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ ၅ယ၃၇၆ ဦးကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ပြီး မျက်မမြင်ကျောင်း ၇ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၅၁ ဦး၊ နားမကြားကျောင်း ၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆၆၅ ဦး၊ ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံတို့မှ ကျောင်းသား၊ ကျောင်းသူ ၂၁၃ ဦးတို့ကိုလည်း ထပ်ဆောင်းချီးမြှင့်ခဲ့သည်ဟု ဒုတိယဝန်ကြီးက တင်ပြခဲ့သည်။

၂၀၁၄-၁၅ ခုနှစ်မှစတင်ပြီး အထူးပညာသင်ထောက်ပံ့ကြေး အစီအစဉ်ကို မြို့နယ် ၈ ခုတွင် စတင်စမ်းသပ်ဆောင်ရွက်ခဲ့ရာ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ထပ်တိုး ၁၉ မြို့နယ်နှင့် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ထပ်တိုး၂၈ မြို့နယ်တိုးချဲ့၍ ၅၅ မြို့နယ် ဆက်လက်အကောင်အထည်ဖော်ကာ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၂ ခုကိုထပ်မံတိုးချဲ့ခဲ့သည်။

S-09