News

POST TYPE

LATEST NEWS POST

သုံးလကျော်ကြာပိတ်ထားသည့် စစ်ကိုင်းဆွမ်းဦးပုညရှင်ဘုရား ပြန်ဖွင့်
12-Jul-2020



မန္တလေး၊ ဇူလိုင် ၁၂

ကိုဗစ်ကြောင့် သုံးလကျော်ကြာ ဘုရားဖူးခွင့်ပိတ်ထားသည့် စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင်ဘုရား ဖူးခွင့်ကို ဇူလိုင်လ ၁၂ ရက်တွင် ပြန်လည်ခွင့်ပြုပေးလိုက်ကြောင်း ဆွမ်းဦးပုညရှင်စေတီတော်ဂေါပကအဖွဲ့ ထံမှ သိရသည်။ ဆွမ်းဦးပုညရှင်ဘုရားဖူးခွင့်ကို မတ်လ ၂၈ ရက်နေ့ကစ၍ပိတ်ထားခဲ့ရာ လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ ညွှန်ကြာချက်များနှင့်အညီ ပြန်လည်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဆွမ်းဦးပုညရှင်စေတီ ဂေါပကဥက္ကဋ္ဌ ဦးစိုး၀င်းက ပြောကြားသည်။

"မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်တော့ ကျန်တဲ့ဘုရားတွေပိတ်ကြတော့ ဦးတို့လည်းပိတ်လိုက်ရတာပေါ့။ ခုကျတော့ တိုင်းအစိုးရအဖွဲ့ကနေမှ ဩဝါဒစရိယဆရာတော်တွေရဲ့ညွှန်ကြားချက်တွေ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပါဆိုတော့ ဒီကနေ့ပဲဖွင့်လိုက်တာ" ဟု ဦးစိုး၀င်းက ရှင်းပြသည်။ ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြုပေးရာတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏လမ်းညွှန်ချက်အတိုင်း လက်ဆေးကန်များထားရှိပေးခြင်း၊ အပူချိန်တိုင်းသည့်စက်များထားရှိခြင်း၊ဘုရားဖူးများနှာခေါင်းစည်း တပ်ရန်အသိပညာပေးခြင်း၊ လက်သန့်ဆေးရေးများထားရှိပေးထားခြင်း၊ ဘုရားဖူးရာတွင် သုံးပေ၊ ခြောက်ပေခွာခြင်း၊ ကားပါကင် တိုးချဲ့ဆောင်ရွက်ထားခြင်း၊ လမ်းအလှဆင်ခြင်းလုပ်ငန်းများ ပြုလုပ်ပေး ထားသည်။

ပုံမှန်ဘုရားဖူးရာသီချိန်များတွင် ဘုရားဖူးလာသူ နေ့စဉ်ထောင်ဂဏန်ထိလာရောက်လေ့ရှိပြီး ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြုလိုက်ချိန်တွင် ဘုရားဖူးတစ်ရာနီးပါးလာရောက်ခဲ့ကြောင်း၊ ဘုရားဖူးချိန်ကို နံနက် ၅ နာရီမှ ည ၈ နာရီအထိ ခွင့်ပြုပေးထားမည်ဖြစ်ကြောင်း ဆွမ်းဦးပုညရှင်စေတီတော်ဂေါပအဖွဲ့ထံမှ သိရသည်။

ရတီ
ဓာတ်ပုံ- SKT