News

POST TYPE

LATEST NEWS POST

ကန်ဒေါ်လာ ၁၁၅ သန်းရင်းနှီးမြှုပ်နှံ၍ ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဝင်ရောက်လုပ်ကိုင်
12-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၂

တင်္နသာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိသည့် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၉/၂၀၂၀ ကြိမ်မြောက်အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ဇူလိုင် ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ထည့်သွင်းခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၉ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းအသစ် ၈ ခုကို ခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၁၄၄ သန်းနှင့် ကျပ် ၅၄,၁၁၅ ဒသမ ၇၂၃ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၀၀၈ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အဆိုပါခွင့်ပြုပေးခဲ့သည့်လုပ်ငန်းများအနက် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းကိုပါ ထည့်သွင်းခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး Covid-19 ကြောင့် စီးပွားရေးအပေါ်အကျိုးသက်ရောက်မှုများ ရှိသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လျက်ရှိကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လက်ခံရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောလျင်စွာစိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့်နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး နိုင်ငံပေါင်း ၅၁ ခုက စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

S-07