News

POST TYPE

LATEST NEWS POST

လျှပ်စီး၊ မိုးကြိုးအန္တရာယ် သတိပြုရန် မိုး/ဇလသတိပေး
12-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၂

မုတ်သုံလေအားနည်းနေချိန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်တတ်သောနေရာများ၌ လျှပ်စီး၊ မိုးကြိုးအန္တရာယ်များဖြစ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦး ကပြောကြားသည်။

ယခုကာလများတွင် လျှပ်စီးနှင့်မိုးကြိုးဖြစ်စဉ်များသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင်အဖြစ်များနိုင်ပြီး မြန်မာနိုင်ငံတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် အထက်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မိုးတိမ်တောင်များကြောင့်ဖြစ်နိုင်ကြောင်း မုတ်သုံလေအားကောင်းချိန်တွင် ယင်းဖြစ်စဉ်များလျော့နည်းသွားပြီး မုတ်သုံလေအားနည်းချိန်တွင် ပြန်လည်ဖြစ်ပေါ်တတ်ကြောင်း ၎င်းကရှင်းပြသည်။

“အခုတော့မုတ်သုံလေအားနည်းနေတယ်။ မိုးတိမ်တောင်တွေလည်းအရမ်းတော့ဖြစ်မနေဘူး။ တစ်ခါတစ် လေကျရင်တော့တိမ်တွေတဖြည်းဖြည်းစုစည်းသွားရင် လျှပ်စီးလက်မိုးကြိုးဖြစ်စဉ်တွေဖြစ်တတ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေသည်။

ထို့အပြင် တနင်္သာရီကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတမ်းတို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်ပြီး လှိုင်းအသင့်တင့်ရှိ၍ လှိုင်းအမြင့်မှာ ၅ ပေမှ ၈ ပေခန့်အထိရှိနိုင်ကြောင်း ယင်းဌာနက ပင်လယ်ပင်ခရီးသွားများအတွက် ခန့်မှန်းထားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၃ ရက် (ယနေ့) အထိခန့်မှန်းချက်အရ နေပြည်တော်နှင့် ရန်ကုန်မြို့တို့အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မန္တလေး မြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

နောက်နှစ်ရက (ဇူလိုင်လ ၁၄ရက်) အထိ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ မုတ်သုံလေ ပြန်လည်အားနည်းနေမည်ဖြစ်သည်။

J-02